မြိုင်၊ မတ်လ ၂၈ ။ ။ မနှစ်က ကမ်းပါးပြိုခဲ့မှုကြောင့် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် ၊ ချောင်းဆုံကြီးအုပ်စုရှိ တောင်ယမားရေးလှောင်တမံအောက်မှ ငါးလင်းစေ့နှင့် ပေါက်ရင်းကျေးရွာနှစ်ခုကို အမြန်ပြောင်းရွှေ ့ပေးစေလိုကြောင်း ရွာသူရွာသားများထံမှ သိရသည််။
ငါးလင်းစေ့နှင့် ပေါက်ရင်းကျေးရွာနှစ်ခုမှာ တောင်ယမားရေလှောင်တမံရေပိုလွဲ၏ မြောက်ဘက်တွင်တည်ရှိပြီး ယခင်နှစ် မိုးရာသီက မိုးသည်းထန် စွာရွာသွန်းခဲ့သဖြင့် ရေပိုလွဲမှကျသော ရေများကြောင့် ချောင်းရေတိုက်စား၍ ကမ်းပါးပြိုမှုဖြစ်ပွားခဲ့ရာ ရွာနှင့် ၁၆၀ ပေသာကွာဝေးကွာကာ စိုးရိမ်ရသောအခြေအနေသို့ရောက်ရှိခဲ့ကြောင်း ကျေးရွာပြောင်းရွှေ ့ရေးကော်မတီထံမှသိရသည်။
“ မိုးတွင်းဆည်ရေပြည့်ချိန်ဆိိုု ရွာကလူတချို့က တခြားရွာတွေသွားအိပ်ကြတာ။ နဂိုက ငလျင်တွေဘာတွေ သိပ်ပြီးမကြားရဘူး။ ယခုဆို မကြာမကြာ ကြားနေရတယ်။ ဆည်ရေပြည့်ချိန် ငလျင်လှုပ်ရင် ပိုပြီး အန္တရာယ်ရှိတယ်” ဟု ပေါက်ရင်းကျေးရွာမှ ဦးသိန်းဝင်းက မဇ္စျိမသို့ပြောသည်။
ထို့ပြင် ဆည်ရေများသည် ငါးလင်းစေ့နှင့် ပေါက်ရင်းကျေးရွာတို့၌ စိမ့်ထွက်နေသောကြောင့် သောက်သုံးရေနှင့့်အိမ်သာရေတို့မှာ တဆက်တည်းရှိနေ၍ ရေကောင်းရေသန့်မရဘဲ ငှက်ဖျားရောဂါ၊ဝမ်းရောဂါများ မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံရွာသူရွာသားများက ပြောသည်။
“ငှက်ဖျားရောဂါဝင်ချိန်ကဆို တခါတလေ တစ်နေ့ လေးလောင်း ၊ ငါးလောင်းသေတာကို လေးကြိမ်လောက်ရှိတယ်” ဟု လက်ရှိ ငါးလင်းစေ့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဆန်းက မဇ္စျိမသို့ ပြောသည်။
ကျေးရွာပြောင်းရွှေ ့ပေးစေကြောင်းကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၁ ရက် ရက်စွဲဖြင့် မြိုင်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်များမှ သမ္မတထံသို့ လိပ်မူ၍ စာဖြင့် တင်ပြခဲ့သည်။
“သူတို့က ဆည်က မပေါက်ပါဘူး။ ရေပိုလွဲကလည်း သူ့ထုံးစံအတိုင်းပဲ ရေကျတာပါ။ ကျိုးပေါက်မှု အန္တရာယ်လည်းမရှိပါဘူး ဆိုပေမယ့် ရွာထဲမှာက ရေတွေစိမ့်နေတာလေ။ အဲတော့ အမြန်ပြောင်းရွှေ့ ပေးစေချင်တာ” ဟု မြိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဝင်း က မဇ္စျိမသို့ပြောသည်။
လက်ရှိအချိန်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ၂၀၁၇ ခုနှစ် မတ် ၂၈ ရက်စွဲပါစာဖြင့်ငါးလင်းစေ့ကျေးရွာနှင့် ပေါက်ရင်းကျေးရွာတို့ အားသင့်တော်သည့်နေရာသို့ တိုင်းဒေသကြီးအစိုးရ၏ စီမံခန့်ခွဲမှုနှင့် ဆောက်ရွက်ပေးသင့်ကြောင်း အကြောင်းကြားစာရရှိထားပြီး ရေသန့်စင်ရေးအတွက် ရေသန့်ဆေးပြားများပေးပို့ထားကြောင်း သိရသည်။
ရေလှောင်တမံသည် မကွေးတိုင်းအတွင်းတည်ရှိသော်လည််း ဆည်ရေသောက်ဧရိယာမှာ စစ်ကိုင်းတိုင်းအတွင်း တည်ရှိကြောင်းသိရသည်။ တောင်ယမားရေ လှောင်တမံကို ၁၉၉၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၀ ခုနှစ် ၊ ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။