နှစ်အနည်းငယ်အတွင်း ကမ္ဘာ့ဘောလုံးလောကို ပြင်သစ်လွှမ်းမိုးလိမ့်မည်ဟု အာစင်ဝင်းဂါးယုံကြည်

နှစ်အနည်းငယ်အတွင်း ကမ္ဘာ့ဘောလုံးလောကို ပြင်သစ်လွှမ်းမိုးလိမ့်မည်ဟု အာစင်ဝင်းဂါးယုံကြည်

မတ် ၂၈၊ လန်ဒန်။          ။ ပြင်သစ်လက်ရွေးစင်အသင်းတွင် ကမ္ဘာ့အကောင်းဆုံး ကစားသမားများ ပိုင်ဆိုင်ထားပြီး နှစ်အနည်းငယ်အတွင်း ကမ္ဘာ့ ဘောလုံးလောကကိုလွှမ်းမိုးလိမ့်မည်ဟု အာစင်ဝင်းဂါးက ယုံကြည်နေသည်။

ပြင်သစ်လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့်နှစ် ဥရောပဖလားပြိုင်ပွဲတွင် အိမ်ရှင်အားသာချက်ယူနိုင်ခြင်းမရှိဘဲ ဗိုလ်လုပွဲ၌ ပေါ်တူဂီအသင်းကို ရှုံးနိမ့်ခဲ့ရသည်။

သို့သော် အာဆင်နယ်နည်းပြဝင်းဂါးက ပြင်သစ်လက်ရွေးစင်နည်းပြဒက်စ်ရွှမ့်စ်အနေဖြင့် လာမည့်နှစ်ကမ္ဘာ့ဖလားမှစတင်ကာ အဓိက ဆုဖလားများရယူနိုင်စွမ်းရှိသည့် အသင်းကိုတည်ဆောက်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။

“ကျွန်တော်က ပြင်သစ်လူမျိုးဖြစ်နေလို့ ကိုယ့်နိုင်ငံအသင်းအပေါ်ယုံကြည်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေ ပြင်သစ်မှာရှိနေပါတယ်။

နိုင်ငံတကာဘောလုံးရဲ့ လာမယ့်ခွန်အားက ကျွန်တော့်အတွက်တော့ ပြင်သစ်ပါပဲ။ လွန်ခဲ့တဲ့နှစ် ၂၀ လောက်က ဘရာဇီးလိုပဲ ထိပ်တန်းကစားသမားတွေကို ပြင်သစ်မှာအခုတွေ့နိုင်ပါတယ်။

နိုင်ငံလက်ရွေးစင်အသင်းမှာကစားနိုင်စွမ်းရှိတဲ့ ကစားသမားတွေကို ထောင့်ပေါင်းစုံကနေ ရှာတွေ့နိုင်တယ်။ ဘာကာယိုကို၊ လာကာဇက်တီတို့လို လက်ရွေးစင်မပါတဲ့ကစားသမားတွေကိုပဲ ကြည့်တော့။ ဒါကလွန်ခဲ့တဲ့ ၁၀ နှစ်က အခြေအနေမျိုးလိုတောင် မဟုတ်ဘူး။

စပိန်နဲ့ ဂျာမနီတို့ရှိသေးပေမယ့် ဘရာဇီးမှာတုန်းကလောက် မတောင့်တင်းတော့ဘူးလေ။ ဒါကြောင့်ပဲ ပြင်သစ်ကို အလားအလာ ရှိတဲ့အသင်းအဖြစ်၊ ကြီးစိုးမယ့်အသင်းအဖြစ် ကျွန်တော်ထင်မြင်ရတာပဲ”ဟု အာစင်ဝင်းဂါးက ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly