KIO ကို NCA လက်မှတ်ထိုးရန် ဒေါ်အောင်ဆန်းစုကြည်က ကချင်အဖွဲ့အစည်းများမှတစ်ဆင့် တိုက်တွန်း

KIO ကို NCA လက်မှတ်ထိုးရန် ဒေါ်အောင်ဆန်းစုကြည်က ကချင်အဖွဲ့အစည်းများမှတစ်ဆင့် တိုက်တွန်း
(ဓာတ်ပုံ-မင်းမင်း၊မဇ္ဈိမ)

ချင်းမိုင်၊ မတ် ၂၈ ။            ။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးရန် ကချင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များက တိုက်တွန်းပေးဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ကချင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မတ်လ ၂၈ရက်က မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ Palm Spring ဟိုတယ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ကချင်လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့၊ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ (WMR)၊ အသင်းတော်များမှ ဘာသာရေးခေါင်းဆောင်များက သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အခြေအနေများကို တင်ပြဆွေးနွေးခဲ့သည်ဟု တွေ့ဆုံမှုတွင် ပါဝင်သူ လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့၏ ဥက္ကဋ္ဌ ဦးလုန်ဂျွန်တူးရောက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးအကြောင်းပြောတယ်။ KIO ကို NCA လက်မှတ်ထိုးဖို့ တိုက်တွန်းတဲ့သဘော၊ သူ့အနေနဲ့ presure (ဖိအား) ပေးတဲ့သဘောပေါ့။ သူက အဓိက အဲဒါကို ပြောတယ်။ ငြိမ်းချမ်းရေးကတော့ လူတိုင်းလူချင်တယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာ ၂၁ ရာစု ညီလာခံကနေ ထွက်ပေါ်လာတဲ့အဖြေကို အခြေခံပြီးတော့ အကောင်အထည်ဖော်ရမှာပေါ့ဗျ။ အဲဒီ ငြိမ်းချမ်းရေးညီလာခံမှာ ပါဝင်နိုင်ဖို့ဆိုရင် NCAကို လက်မှတ်ထိုးရမှာပေါ့ဗျာ။ သူက အဲဒီလို ပြောတယ်”ဟု ၎င်းကမဇ္ဈိမကို ပြောသည်။

ကက်သလစ်အသင်းတော်မှ ဆရာတော်ကြီး ဖရန်စစ်ဒေါတန်က “ခါတိုင်းပြောနေတကျ All Inclusive Federal (အားလုံးပါဝင်ရေး)ကို အများက တင်ပြကြတယ်။ NCAကို လက်မှတ်ထိုးဖို့ ကေအိုင်အိုကို တိုက်တွန်းဖို့ ပြောတယ်။ အန်စီအေ ထိုးမှ တိုင်းရင်းသားတွေရဲ့ကိစ္စကို သူ့အနေနဲ့ သမာသမတ်ရပ်တည်ပြီး ပြောဆိုလို့ရတယ် အဲဒီပုံစံမျိုးပြောတယ်”ဟု သူက ပြောသည်။

ကချင်အဖွဲ့အစည်းများ ဘက်မှလည်း မြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းရန်နှင့် စစ်ပြေးဒုက္ခသည်များအတွက် စားဝတ်နေရေး၊ ပညာရေး အဆင်မပြေမှုများကို တင်ပြခဲ့ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာများ ထောက်ပံ့ပေးရန် တင်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကိုမူ “မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ကော်မရှင်ဖွဲ့ထားပြီးသားပါ။ သူ့အနေနဲ့တော့ ချက်ချင်းအဖြေမပေးနိုင်ဘူး”ဟု ဆရာတော်ကြီး ဖရန်စစ်ဒေါတန်က ပြောသည်။

အလားတူ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥက္ကဌ အနေဖြင့် ပြည်နယ်အစိုးရမှ ထိရောက်စွာ မလုပ်ဆောင်နိုင်သဖြင့် မူးယစ်ဆေးဝါး ပြဿနာကို ကချင်ပြည်နယ်တွင် ကြီးကြီးမားမား ရင်ဆိုင်နေရကြောင်း နှင့် အမျိုးသားရေး အန္တရယ်ဖြစ်နေ၍ ကချင်လူထု အခြေပြုအဖွဲ့မှ မူးယစ်ဆေးဝါး တားဆီးရေးလုပ်ဆောင်နေကြောင်း နုတ်ဖြင့်တင်ပြခဲ့သလို၊ စာမျက်နှာ ၆ မျက်နှာပါစာကိုလည်း ပေးခဲ့သည်ဟု သူက ပြောသည်။

“သူ့ကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ လုပ်ကိုလုပ်ရမယ့် လုပ်ငန်းဖြစ်တယ်ဆိုတာပြောတယ်။ ပြီးတော့ မူးယစ်ဆေးဝါးကြောင့် ဖြစ်ပေါ်လာတဲ့ ကူးစက်ရောဂါ သုံုးမျိုးပြောတယ်။ အက်စ်အိုင်ဗီ၊ တီဗီနဲ့ ငှက်ဖျားရောဂါတို့နဲ့ ပတ်သက်ပြီးတော့ တားဆီးနိုင်ဖို့အတွက် Global Fund ရံပုံငွေအဖွဲ့ကနေ သန်း ၃၂၀ လားမသိဘူး။ အကူအညီထောက်ပံ့ဖို့ ကတိပြုထားတာရှိတယ်။ အဲဒါကြောင့်မလို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာ ဆက်လက်ဆောင်ရွက်ဖို့ ရှိပါတယ်ဆိုပြီးတော့ ပြောပါတယ်”ဟု သူက ပြောသည်။

ဆွေးနွေးပွဲတွင် ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ (WMR)ကလည်း မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်များ ဆက်လက်ဖြစ်ပွားနေရခြင်းသည် ပင်လုံ ကတိကဝတ်ကို အကြောင်အထည်မဖော်နိုင်၍ ဖြစ်ပြီး ပင်လုံ ကတိကဝတ်များကို အမြန်ဆုံးအကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်ဟု သိရသည်။

“ဒါက ပြည်တွင်းစစ်ရဲ့ အဓိက ဖြစ်စဉ်ဖြစ်ပါတယ်ဆိုပြီး ပြောတယ်။ ဒီကိစ္စမှာ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် ဦးဆောင်ပြီးတော့မှ ၂၁ ရာစုပင်လုံ ညီလာခံကို လုပ်နေတဲ့ကိစ္စမှာ လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်ဖို့ လိုတယ်။ မြန်မာ့တပ်မတော် အနေနဲ့လည်း စိတ်ပါလက်ပါ ပါဝင်ဖို့ တိုက်တွန်းတယ်”ဟု ဦးလုန်ဂျွန်တူးရော်က ပြောသည်။

အသင်းတော်များမှ ဘာသာရေးခေါင်းဆောင်များကလည်း ဘာသာရေးတန်းတူညီမျှမှု အခွင့်အရေး မရသည့်အကြောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းဝင်းထဲတွင် စေတီတည်ဆောက်ခြင်းနှင့် ဗုဒ္ဓဘာသာမဟုတ်သော ခရစ်ယာန်များကို ရာထူးခန့်ထားမှုတွင် ဦးစားပေးမှုမရှိသည့် အကြောင်းများကို တင်ပြခဲ့သည်ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၂၈ရက်တွင် မြစ်ကြီးနားမြို့နယ် ရွှေစက်စစ်ပြေးဒုက္ခသည်စခန်းနှင့် ဝိုင်းမော်မြို့ နယ် ခတ်ချို၊ မိုင်းနားစသည့် စစ်ပြေး ဒုက္ခသည်စခန်းသို့ သွားရောက်ကြည့်ရှုမည် ဖြစ်ကာ ထိုမှတစ်ဆင့် ကျွန်းပင်သာရပ်ကွက်ရှိ ပရဟိတ ဘုန်းကြီးကျောင်းသို့ သွားရောက်၍ ဆန်များ လှူဒါန်းအပြီး ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၂၈ရက်၊ နံနက် ၈ နာရီကျော်က မြစ်ကြီးနားမြို့ လေဆိပ်သို့ ရောက်ရှိလာပြီး ပါတီဝင်များနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့အစည်းများက ကြိုဆိုခဲ့သည်။

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိခြင်းနှင့် စစ်ပြေးဒုက္ခသည်များအား လူသားချင်း စာနာထောက်ထားမှုများကို အစိုးရမှ ပိတ်ပင်တားဆီးမှုများကြောင့် ကချင်လူထုက သူမ၏ ခရီးစဉ်ပေါ် မေးခွန်းထုတ်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags