အရှက်ခွဲခံလိုက်ရသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ကာ အဆုံးစီရင်

အရှက်ခွဲခံလိုက်ရသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ကာ အဆုံးစီရင်
ရခိုင်ပြည်နယ်မောင်တောမြို့အား တွေ့ရစဉ်။

မောင်တော၊ မတ် ၂၇ ။            ။ ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသ၊ မောင်တောခရိုင်အတွင်းရှိ ခရေမြိုင်ရဲကင်းစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ အမျိုးသမီးတစ်ဦး၏ မဟုတ်မမှန်စွပ်စွဲချက်ကြောင့် အရှက်ရကာ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါရဲတပ်ဖွဲ့ဝင်မှာ ပြီးခဲ့သည့် မတ်လ ၂၅ ရက် ညနေပိုင်းက အမျိုးသမီးတစ်ဦးအား လက်ကိုဆွဲပြီး ကာယကျင့်ဝတ်ဖောက်ပျက်ရန် ကြိုးစားခဲ့သည်ဟုဆိုကာ တိုင်တန်းခြင်းခံခဲ့ရသည့်အတွက် တိုင်ကြားခံရသူ ရဲတပ်ဖွဲ့ဝင်မှာ မတ်လ ၂၆ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မိမိကိုင်ဆောင်ထားသည့် သေနတ်ဖြင့်သတ်သေသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်က ခရေမြိုင်ရဲစခန်းမှာ တာဝန်ကျနေတာပါ။ သူ့ကို မိန်းမတစ်ယောက်က လက်ကိုဆွဲပြီးတော့ မဖွယ်မရာပြောခဲ့တယ်ဆိုပြီး လာတိုင်တာကြောင့် ရှက်ပြီး သတ်သေသွားတာလို့သိရတယ်။ သူကိုင်တဲ့ ဖုန်းမှာ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ အသံသွင်းထားခဲ့တာတွေကိုလည်း ရှာဖွေတွေ့ရှိထားတယ်လို့ သိရပါတယ်။"ဟု နယ်မြေခံရဲအရာရှိတစ်ဦးကပြောသည်။

သေဆုံးသွားသူ ရဲတပ်ဖွဲ့ဝင်မှာ ယင်းသို့တိုင်ကြားခံလိုက်ရပြီးနောက်နေ့ နံနက်ပိုင်းတွင် မိမိကိုယ်ကိုအဆုံးစီရင်ခဲ့ခြင်းဖြစ်ကာ သေနတ်ဖောက်သံကြားရသည့်အတွက် မောရဝတီရဲကင်းမှ လိုက်လံစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ၎င်းကိုင်ဆောင်ထားသည့်သေနတ်ပေါ်တွင်မှောက်လျှက် နဖူးဒါဏ်ရာဖြင့်သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်းသိရသည်။

သေဆုံးသွားသူသည် မိတ္ထိလာမြို့နယ်၊ ဇောင်ချမ်းကုန်းကျေးရွာမှ မောင်တောဒေသသို့ လာရောက် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သားတစ်ဦးဖြစ်ကြောင်း ယင်း၏သေဆုံးမှုနှင့်ပတ်သက်ပြီး အလယ်သံကျော် ရဲစခန်းမှ သေမှုသေခင်းအမှတ် ၃/၂၀၁၇ ဖြင့် စုံစမ်းစစ်ဆေးမှုများဆောင်ရွက်လျှက်ရှိကြောင်းသိရသသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly