စိတ်ကြွဆေးပြား ၈၀၀၀၀ ကျော် နတ်မြစ်အတွင်း ဖမ်းဆီးရမိ

စိတ်ကြွဆေးပြား ၈၀၀၀၀ ကျော် နတ်မြစ်အတွင်း ဖမ်းဆီးရမိ
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ
 

ရန်ကုန်၊ မတ်လ ၂၅ ။            ။ ယမန်နေ့ မတ် ၂၄ ရက်က မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း လက်ခတ်လှေတစ်စီးနှင့် စိတ်ကြွမူးယစ်ဆေးပြား  ၈ သောင်းကျော် သိမ်းဆည်းရမိ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တပ်မတော်ရေမှ နတ်မြစ် အတွင်း ကင်းလှည့်ဆောင်ရွက်စဉ် မင်္ဂလာကြီးချောင်း အနောက်ဘက်၌ ည ၁၀ နာရီ ၁၀ မိနစ်တွင် အလျား ၂၀ ပေ၊ အနံ ၃ ပေ၊ ရေစူးဝ ၅ ပေခန့် ရှိသော မသင်္ကာဖွယ်သစ်သားလက်ခတ်လှေတစ်စီးအားတွေ့ရှိ၍ အချက်ပြခေါ်ယူခဲ့ရာ လာရောက်ခြင်းမရှိဘဲ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

လှေပေါ်ပါ လူ ၄ ဦးခန့်မှာ အထုပ်များနှင့်အတူ ရေထဲသို့ခုန်ချကာ တစ်ဖက်နိုင်ငံဖက် ရေပိုင်နက်သို့ ကူးခတ်ထွက်ပြေးသွားခဲ့ပြီး ရေထဲတွင် မျောပါနေသော ပလတ်စတစ်ဖြင့် ထုပ်ထားသည့် အထုပ် များနှင့် လက်ခတ်လှေတစ်စီးအား သိမ်းဆည်းရမိခဲ့သည်။

ထို့နောက် မတ် ၂၅ ရက် နံနက် ၈ နာရီခွဲတွင် အမှတ် (၁) ၀င်/ထွက် စခန်း၌ မူးယစ်(အထူး)တပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိသော ပလတ်စတစ်ထုပ်ကို ဖွင့်ဖောက် စစ်ဆေးရာ ကာလတန်ဖိုး ငွေကျပ် ၁၆၀၉၅၀၀၀၀ ခန့်ရှိ(WY/R) ပန်းရောင် စိတ်ကြွဆေးပြား (၈၀၄၇၅)ပြား ဖြစ်ကြောင်းသိရသည်။

အဆိုပါဖမ်းဆီးရမိခဲ့သောလက်ခတ်လှေတစ်စီးနှင့် မူးယစ်ဆေးဝါးများကို မူးယစ် တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ပြီး အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက် လျှက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly