အငြင်းပွား ရေနံပိုက်လိုင်းစီမံကိန်း ဆက်လုပ်ရေး ဒေါ်နယ်ထရမ့် ခွင့်ပြု

အငြင်းပွား ရေနံပိုက်လိုင်းစီမံကိန်း ဆက်လုပ်ရေး ဒေါ်နယ်ထရမ့် ခွင့်ပြု

မတ် ၂၅ ။            ။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နိုင်မှုအပေါ် အငြင်းပွားမှုတွေရှိနေတဲ့ ရေနံပိုက်လိုင်းစီမံကိန်းတစ်ခုကို ဆက်လက်ရှေ့တိုးလုပ်ဆောင်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၂၄ ရက်မှာပဲ နောက်ဆုံးအတည်ပြုချက် ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

၎င်းရဲ့ ရွေးကောက်ပွဲကတိကဝတ်တစ်ခုအတိုင်း သမ္မတ ထရမ့်ဟာ ကနေဒါနိုင်ငံက ရေနံတွေကို သွယ်တန်းမယ့် ယခု Keystone XL ရေနံပိုက်လိုင်း တည်ဆောက်မယ့် အစီအစဉ်ကို ခွင့်ပြုချက် ပေးလိုက်တာဖြစ်ပါတယ်။

" ဒီကနေ့ဟာ ကျွန်တော်တို့ အမေရိကန်တွေအတွက် နေ့ထူးနေ့မြတ်တစ်ခုပါ၊ ဒီစီမံကိန်းကြောင့် အလုပ်အကိုင်များစွာ ဖန်တီးပေးနိုင်မှာဖြစ်လို့့ပါ" ဆိုပြီး ထရမ့်က အိမ်ဖြူတော်မှာ ပြောကြားသွားပါတယ်။

အလားတူ ပိုက်လိုင်း တည်ဆောက်မယ့် ကုမ္ပဏီကိုလည်း တရားဝင် ခွင့်ပြုချက်ထုတ်ပေးသွားဖို့ သက်ဆိုင်ရာပြည်နယ် Nebraska က ပြည်နယ်အုပ်ချုပ်ရေးမှူးကို တောင်းဆိုညွှန်ကြားသွားမယ်လို့ ထရမ့်က ဆိုပါတယ်။

ဒါပေမယ့်လည်း ယင်းရေနံပိုက်လိုင်းစီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေရဲ့ ဆက်လက်ကန့်ကွက်မှုနဲ့ ထပ်မံရင်ဆိုင်ရဦးမယ့်သဘောမှာ ရှိနေပါတယ်။

၎င်းအရင် သမ္မတဟောင်း အိုမားဘားအစိုးရတုန်းကတော့ ယင်းစီမံကိန်းကို သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်မှု ကြောင့် ပိတ်ပင်တားဆီးထားခဲ့ပေမယ့် ထရမ့်ကတော့ ယင်းဟာ အလုပ်အကိုင်တွေဖန်တီးပေးနိုင်ပြီး စွမ်းအင်အဖိုးအနှုန်းသက်သာစေနိုင်တယ်ဆိုပြီး စီမံကိန်းကို ဆက်လုပ်ဖို့ အားထုတ်လာနေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly