နွေဦးပွဲတော် (Spring Festival) ကို ဧပြီ ၁ရက်နေ့တွင် ကျင်းပမည်

နွေဦးပွဲတော် (Spring Festival) ကို ဧပြီ ၁ရက်နေ့တွင် ကျင်းပမည်

နွေဦးရာသီကို ကြိုဆိုသည့်အနေနှင့် ရန်ကုန် သုဝဏ္ဏအားကစားရုံအပြင်ဘက်တွင် နွေဦးပွဲတော် (Spring Festival) ကို ဧပြီ ၁ရက်နှင့် ၂ရက်နေ့တို့တွင် ကျင်းပမည်ဟု သိရသည်။

အနုပညာရှင်များမှ ဖျော်ဖြေမည့်အစီအစဉ်များပါ၀င်ကာ ပွဲတော်တွင် ရန်ကုန်မြို့ရှိ နာမည်ကြီးပြီး လူကြိုက်များသည့် စားသောက်ဆိုင်ခန်းများပါဝင်ပြီး ၊ မြန်မာနိုင်ငံနွေဦးအထူးပြု ပန်းချီအနုပညာ ပြခန်းများ ၊ နွေဦး Fashion ပြိုင်ပွဲများ ၊ မျက်လှည့်တင်ဆက်မှုနှင့် ဖျော်ဖြေရေးအစီအစဉ်များလည်းပါဝင်၍ ၀င်ကြေး အခမဲ့ဖြစ်သည်။

"ကိုယ့်ရဲ့ ယဉ်ကျေးမှုကို Promote ဖြစ်အောင်၊ ပြီးတော့ ရန်ကုန်မြို့မှာ လူတိုင်းအခမဲ့ပါဝင်ဆင်နွှဲနိုင်တဲ့ ပွဲတစ်ခုလည်းဖြစ်တဲ့ တမူထူးခြားတဲ့ ပွဲတော်တစ်ခုလည်း ဖန်တီးချင်တဲ့အတွက် နွေဦးပွဲတော် ကျင်းပရခြင်းဖြစ်သည်” ဟု Stellar Seven မှ တာဝန်ရှိသူ ဦးဇင်မင်းအောင်က ပြောသည်။

ဖျော်ဖြေရေးအစီအစဉ်တွင် မြန်မာမှုအကဇုန်နှင့် ခေတ်ပေါ်ဖျော်ဖြေတင်ဆက်မှုနေရာ ဟူ၍ နှစ်ပိုင်းခွဲခြားထားပြီး မြန်မာမှုအကဇုန်တွင် မြေဝိုင်းအက ၊ရိုးရာချင်းလုံးခတ် အလှပြခြင်း ၊ ဓားသိုင်းအက ၊ မီးသိုင်း အက အစရှိသည်တို့ ပါဝင်မည်ဖြစ်သည်။

ခေတ်ပေါ်ဖျော်ဖြေတင်ဆက်မှုအပိုင်းတွင် ရဲလေး၊ အစ္စဏီ ၊ ဖြိုးပြည့်စုံ ၊ ယုန်လေး ၊ ဇေရဲ ၊ အိမ့်ချစ် ၊ ခင်စုစုနိုင် ၊ လိမ္မော်သီး ၊ ဆူဇီ ၊ နန်းခင်ဇေယျာ ၊ ဂျူဝယ်လ် တို့ပါဝင် ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။

ကလေးငယ်များအတွက် Play Ground များပြုလုပ်ထားပေးပြီး Yangon Gallery မှ ပန်းချီ၊ ပန်းပုများ လည်း ပါဝင်မည်ဟု သိရသည်။

"မြန်မာနိုင်ငံရဲ့မတူညီတဲ့ ဒေသအသီးသီးက အစားအစာတွေ ၊ မတူညီတဲ့ ယဉ်ကျေးမှုတွေ ၊ ခေတ်အလိုက် ယဉ်ကျေးမှုတွေအားလုံးကို လေ့လာနိုင်မှာဖြစ်ပါတယ်။ ဒီလိုမတူညီမှုတွေကို လေ့လာပြီးတော့ ကျနော်တို့ရဲ့ စိတ်ကူးစိတ်သန်းတွေဟာ ပိုမိုဆန်းသစ်ပြီးတော့ ပိုမိုသစ်လွင်တဲ့စိတ်ကူးစိတ်သန်းတွေကို ရရှိကြမှာဖြစ်ပါတယ်" ဟု အစီအစဉ်ဖြစ်မြောက်အောင် ကူညီပံ့ပိုးပေးသော KBZ ၏ Head of Digital Communication ဦးဇော်ရဲနောင်ကလည်း ပြောသည်။

 ပွဲတော်ကို ညနေ ၃နာရီမှ ည၁၀အထိ ကျင်းပသွားမည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှု့ကာ ပွဲတော်၌ ပါဝင်ဆင်နွှဲနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly