သတ္တမအကြိမ်မြောက် နိုင်ငံတကာ မြန်မာ့ကျောက်မျက်ပြပွဲ စတင်ပြသ

သတ္တမအကြိမ်မြောက် နိုင်ငံတကာ မြန်မာ့ကျောက်မျက်ပြပွဲ စတင်ပြသ

သတ္တမအကြိမ်မြောက် ပြုလုပ်ကျင်းပသည့်  နိုင်ငံတကာ မြန်မာ့ကျောက်မျက်ပြပွဲ ကို မတ်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားအနီးရှိ မြန်မာ့ကျောက်မျက်ရတနာ အရောင်းခန်းမတွင် ကျင်းပပြုလုပ်နေသည်။

အဆိုပါပြပွဲတွင်  မြန်မာ၊ ထိုင်း၊ ဟောင်ကောင်၊ တရုတ်၊ ဂျပန်၊ ဗီယက်နမ်၊ ဂျာမနီ၊ အမေရိကန်၊ အီတလီ၊ အစ္စရေး နှင့် အိန္ဒိယ စသည့်နိုင်ငံပေါင်း ၁၁ နိုင်ငံမှကုမ္ပဏီများ  လာရောက်ပြသကြပြီး   နောက်ဆုံးပေါ်လက်ရာဒီဇိုင်းများနှင့်အတူ  ရတနာပစ္စည်းများ ဒီဇိုင်းပုံဖော်သည့် စက်ပစ္စည်းများကိုပါ လာရောက်ပြသကြခြင်း ဖြစ်သည်။

ပြပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ပွဲစီစဉ်သူ မစ္စတာမိုက်ကယ်က “ဒီပွဲကို ကျွန်တော်တို့ မြန်မာပြည်မှာလုပ်တာ ခုနှစ်ကြိမ် ရှိပါပြီ။ ဒီလိုပြပွဲကို ကျွန်တော်တို့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ လုပ်ပါတယ်။ ဒီပွဲကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ အခေါက်တိုင်း အတူတူပါပဲ။ ကျွန်တော်တို့က နိုင်ငံတကာ အဆင့်မီ ပစ္စည်းကိရိယာတွေနဲ့ အဆင့်မြင့် နည်းပညာရပ်တွေကို မြန်မာပြည်ဆီ ယူဆောင်လာပေးတာပါ။ ဒါကြောင့် ပြည်တွင်းက ရတနာလုပ်ငန်းတွေက ဒီလိုပစ္စည်းကိရိယာတွေနဲ့ နည်းပညာရပ်တွေကို ဟောင်ကောင် ဒါမှမဟုတ် ဘန်ကောက်သွားစရာမလိုဘဲ ဒီပွဲမှာပဲ လာဝယ်လို့ရပါတယ်။ သူတို့လုပ်ငန်းပိုင်းဆိုင်ရာ စက်ရုံတွေကို အဆင့်မြှင့်နိုင်မယ်။ လက်ရာလှပတဲ့ လက်ဝတ်ရတနာတွေကို ပြုလုပ်နိုင်မယ်။ နောက်ပြီး ဒီပစ္စည်းတွေကိုလည်း ပြည်ပကို တင်ပို့ရောင်းချနိုင်မယ်။ ပြည်ပက ရတနာပစ္စည်းတွေ မြန်မာပြည်မှာ လာရောင်းသလိုပေါ့” ဟု ပြောသည်။

Yodaya Casting ကုမ္ပဏီပိုင်ရှင် မယဉ်ယဉ်ထွေးကလည်း “ဒီပွဲကို လာပြီး ကျွန်မတို့ လာရောက်ပြသရခြင်းက ဒီပစ္စည်းတွေကို လာရောက်ပြသခြင်းပဲဖြစ်တယ်။ ရောင်းဖို့ က အဓိက မဟုတ်ဘူး။ ရောင်းရတာ၊ မရောင်းရတာ အဓိက မကျဘူး။ ဒီမြန်မာပြည်မှာ ဒီလိုလုပ်ငန်းတွေ လုပ်နေပြီ။ ပြီးတော့ ဒီလိုပစ္စည်းတွေ ရနိုင်တယ်ဆိုတဲ့ အကြောင်း လာရောက်ပြသတာပါ” ဟု ဆိုသည်။

မြန်မာကျောက်မျက်ပြပွဲသည်  ရန်ကုန် နှင့် မန္တလေးတွင်  နှစ်စဉ်နှစ်တိုင်း ကျင်းပနေမြဲဖြစ်ပြီး  ယခုနှစ်တွင်လည်း လာရောက်ကြည့်ရှု့ကြသည့်  ဧည့်ပရိသတ်များကို  ရန်ကုန်-ဘန်ကောက်-ရန်ကုန် လေယာဉ်လက်မှတ် ၆ စောင် မဲဖောက်ပေးခဲ့ကြောင်း သိရသည်။ ပြပွဲတွင် လာရောက်ပြသသည့် ဆိုင်ခန်းများသည်   ပြည်ပကုမ္ပဏီအများစု ဖြစ်ပြီး ပြည်တွင်းကုမ္ပဏီ နည်းပါးသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly