လန်ဒန်တိုက်ခိုက်မှုမှ သေဆုံးသူများအတွက် ကမ္ဘာ့မြို့ကြီးများတွင် ဆုတောင်းမှုများ ပြုလုပ်

လန်ဒန်တိုက်ခိုက်မှုမှ သေဆုံးသူများအတွက် ကမ္ဘာ့မြို့ကြီးများတွင် ဆုတောင်းမှုများ ပြုလုပ်

လန်ဒန်၊ မတ် ၂၄ ။               ။ ဗြိတိန်လွှတ်တော်အပြင်ဖက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအတွင်း သေဆုံးသူများအတွက် ကမ္ဘာ့မြို့များတွင် ဆုတောင်းပွဲများ ကျင်းပကြသည်။

လန်ဒန်မြို့တော်အတွင်း ရဲတပ်ဖွဲ့က တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် ရဲ ကိစ်ပါလ်မားအတွက် တစ်မိနစ်ငြိမ်သက်ကာ ဂုဏ်ပြုခဲ့သည်။ ပါလ်မားက မတ် ၂၂ ရက်က ဖြစ်ပွားသော တိုက်ခိုက်မှုတွင် တိုက်ခိုက်ရေးသမားက ၎င်းအား ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခံရခြင်းဖြစ်သည်။

လွှတ်တော်အပြင်ဖက်တွင်လည်း ပါလ်မားနှင့်အတူ တိုက်ခိုက်မှုအတွင်း သေဆုံးသည့် အရပ်သားနှစ်ဦးအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပန်းစည်းပန်းခြင်းများ ချထားကြသည်။

၀တ်စမင်တာနန်းတော်နှင့် ကမ္ဘာ့တစ်ဝန်းက ဗြိတိန်သံရုံးနှင့် အခြားအစိုးရရုံးဌာနများတွင် အလံတစ်ဝက် လွှင့်တင်ထားကြသည်။

 ဗြိတိန်အပြင် အိန္ဒိယအရှေ့ပိုင်းတွင်လည်း သဲပန်းပုပညာရှင်တစ်ဦးက ကမ်းခြေတွင် လန်ဒန်မြို့ပြပုံအား သဲပန်းပုံ ရေးထုကာ “အကြမ်းဖက်ဝါဒ ရပ်” နှင့် “လန်ဒန်တိုက်ခိုက်မှုအား ကျွန်တော်တို့ ရှုတ်ချတယ်။”ဟု စာလုံးများဖော် ရေးခြယ်ထားသည်။

စပိန်နိုင်ငံတွင်လည်း ဗြိတိန်သံအမတ်ကြီး ဆမ်မွန်မန်လေးနှင့်အတူ စပိန်ဝန်ကြီးချုပ် မာရီယာနိုအပါအဝင် နိုင်ငံရေးသမားများက Moncloa နန်းတော်အပြင်ဖက်၌ တစ်မိနစ်ငြိမ်သက် ရပ်တန့်ခဲ့သည်။

ကုလသမဂ္ဂလုံခြံုရေးကောင်စီတွင်လည်း အလည်အပတ်ရောက်နေသည့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်အပါအဝင် ကောင်စီအဖွဲ့ဝင်များက တစ်မိနစ် ငြိမ်ဆိတ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly