အသင်းကြီးများ၏ လွှမ်းမိုးမှုကိုတားဆီးရန် အပြောင်းအရွှေ့စနစ်ကို ယူအီးအက်ဖ်အေဥက္ကဋ္ဌပြောင်းလဲလို

အသင်းကြီးများ၏ လွှမ်းမိုးမှုကိုတားဆီးရန် အပြောင်းအရွှေ့စနစ်ကို ယူအီးအက်ဖ်အေဥက္ကဋ္ဌပြောင်းလဲလို

မတ် ၂၃၊ လစ္စဘွန်း။           ။ အကောင်းဆုံးကစားသမားများကို ထိပ်သီးအသင်းများကသာ လက်ဝါးကြီးအုပ်ထားခြင်းကိုတားဆီးရန် အပြောင်းအရွှေ့စနစ်ကို ယူအီးအက်ဖ်အေဥက္ကဋ္ဌက   ပြောင်းလဲချင်နေသည်။

ချမ်းသာသောကလပ်များကို အခွန်အမြောက်အမြားကောက်ခံခြင်း၊ ကစားသမားစာရင်းကန့်သတ်ခြင်းအားဖြင့် ပြိုင်ပွဲအပေါ် ယင်းအသင်းများ၏ လွှမ်းမိုးမှုကိုတားဆီးရန် အထောက်အကူဖြစ်နိုင်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ဥက္ကဋ္ဌ အလက်ဇန္ဒားစီဖာရင်က ပြောသည်။

“ပါရမီရှင်ကစားသမားတွေ အသင်းအနည်းငယ်မှာသာ စုပုံနေတာကို ပြောင်းလဲဖို့လိုတယ်။ ယူအီးအက်ဖ်အေအနေနဲ့ ရေပေါ်ဆီ ကလပ်တွေထက် ဘောလုံးလောကတစ်ခုလုံးကိုကာကွယ်ရမယ့် တာဝန်ရှိတယ်”ဟု စီဖာရင်က လစ္စဘွန်းတွင်ပြုလုပ်သော ညီလာခံတွင်ပြောသည်။

ဥရောပဘောလုံးကလပ်များအကြား ပြိုင်ဆိုင်မှုအားမျှခြေတစ်ဖက်စောင်းနင်းဖြစ်နေမှုကိုလျှော့ချရန်လိုအပ်သည်ဟု စက်တင်ဘာ ကမှ ဥက္ကဋ္ဌဖြစ်လာသည့် ဆလိုဗေးနီးယန်းရှေ့နေ စီဖာရင်က ညီလာခံမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။

“အပြောင်းအရွှေ့စျေးကွက်ကို ကျွန်တော်တို့လုပ်နိုင်သလောက်အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ လိုပါတယ်။ အဲဒါကို ကိုင်တွယ်ဖို့ ကြောက်နေလို့မရဘူး။

ကစားသမားတွေကို လက်ဝါးကြီးအုပ်ထားတာကိုတားဆီးနိုင်ဖို့ စမ်းသပ်မှုအသစ်တွေအဖြစ် အခွန်အများကြီးတိုးကောက်တာ၊ ကစားသမားစာရင်းကန့်သတ်တာ၊ မျှတတဲ့ အပြောင်းအရွှေ့စနစ်ဖြစ်အောင် လုပ်ဆောင်တာတွေ စမ်းသပ်ဖို့လိုပါတယ်”ဟု စီဖာရင်က ပြောသည်။

အခွန်တိုးမြှင့်ခြင်းနှင့် မျှတသည့်အပြောင်းအရွှေ့စနစ်အကြောင်းအသေးစိတ်ပြောဆိုခြင်းမရှိသော်လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် နှင့် ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် သီးသန့်စည်းကမ်းထုတ်ခြင်းများ လုပ်ဆောင်ဖွယ်ရှိသည်ဟု ၎င်းက ဆိုသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly