တစ်ကမ္ဘာလုံးက စွန့်ပစ်ရေဆိုးရေညစ် ၈၀ ရာခိုင်နှုန်းက အစီအမံမဲ့ သဘာဝပတ်ဝန်းကျင်စနစ်အတွင်း တိုက်ရိုက်စီးဆင်းနေ

တစ်ကမ္ဘာလုံးက စွန့်ပစ်ရေဆိုးရေညစ် ၈၀ ရာခိုင်နှုန်းက အစီအမံမဲ့ သဘာဝပတ်ဝန်းကျင်စနစ်အတွင်း တိုက်ရိုက်စီးဆင်းနေ

ဂျိုဟန်နစ္စဘတ်၊ မတ် ၂၂ ။             ။ တစ်ကမ္ဘာလုံးက စွန့်ပစ်ရေဆိုး ၈၀ ရာခိုင်နှုန်းက မည်သည့်ပြုပြင်စီရင်မှုမှ မရှိဘဲ သဘာဝပတ်ဝန်းကျင်စနစ်အတွင်း အတားအဆီးအကာအကွယ်မဲ့ စီးဝင်နေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။

တောင်အာဖရိကနိုင်ငံ ဒါဘင်မြို့တွင် မတ် ၂၂ ရက်က ပြုလုပ်ကျင်းပသော ကမ္ဘာ့ရေနေ့အခမ်းအနား၌ ကုလသမဂ္ဂ ကမ္ဘာ့ရေအရင်းအမြစ်ဖွံ့ဖြိုးမှု အစီရင်ခံစာ ထုတ်ပြန်ချက်တွင် ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။

ဝင်ငွေမြင့်မားသည့် နိုင်ငံများတွင် စွန့်ပစ်ရေဆိုးများအား ပိုးသတ်ဆေးဖျန်းကာ ပင်လယ်တွင်း သီးသန့်ပို့ဆောင်ထားရှိခြင်းကဲ့သို့သော အစီအမံများ လုပ်ဆောင်ထားမှုသည် ရ၀ ရာခိုင်နှုန်း ရှိသော်လည်း အသင့်အတင့်ချမ်းသာသည့် နိုင်ငံများနှင့် အလယ်အလတ်တန်း နိုင်ငံများတွင် ၃၈ ရာခိုင်နှုန်းနှင့် ၂၈ ရာခိုင်နှုန်း အသီးသီးသာ ရှိနေကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဝင်ငွေနိမ့်ပါးတဲ့ နိုင်ငံတွေမှာတော့ ခုလို ရေဆိုးရေညစ်တွေကို အစီအမံတွေလုပ်ဆောင်တာမျိုးက ရှစ်ရာခိုင်နှုန်းလောက်သာ ရှိနေတာဖြစ်တယ်။”ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြပြီး ယင်းကြောင့် အာဖရိက၊ အာရှနှင့် လက်တင်အမေရိကတို့တွင် ပြည်သူ့ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်တို့ ပျက်စီးထိခိုက်မှုများ တိုးပွားဖြစ်ပွားလာနေကြောင်း သတိပေးထားသည်။

ဝင်ငွေနိမ့်ပါးသည့် နိုင်ငံများတွင် အခြေခံအဆောက်အအုံ မပြည့်စုံခြင်း၊ နည်းပညာချို့တဲ့ခြင်း၊ ဘဏ္ဍာရေးမတောင့်တင်းခြင်းတို့ကြောင့် ရေဆိုးရေညစ် စီမံမှုပိုင်းတွင် ညံ့ဖျင်းမှုများ ရှိနေကြောင်း၊ သို့သော် ဂေဟစနစ် ပျက်စီးမှုကို လျှော့ချရေးအတွက် ယင်းပြဿနာကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကာ ရေပြတ်လပ်မှုများ လျော့ပါးအောင်လည်း ရေပြန်လည်အသုံးချမှုကို ကျင့်သုံးနိုင်အောင်   ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly