အမေရိကန်သံရုံး သံအရာရှိများနှင့် မ.ဘ.သ(ဗဟို) တွေ့ဆုံဆွေးနွေး

အမေရိကန်သံရုံး သံအရာရှိများနှင့် မ.ဘ.သ(ဗဟို) တွေ့ဆုံဆွေးနွေး
မတ်လ ၂၂ရက်က မ.ဘ.သဗဟိုရုံးတွင် မ.ဘ.သ ဆရာတော်များ နှင့် အမေရိကန်သံရုံး သံအရာရှိများ တွေ့ဆုံစဉ်။ (ဓာတ်ပုံ- မ.ဘ.သ ဗဟို)

ရန်ကုန်၊ မတ်၂၂ ။            ။ အမေရိကန်သံရုံး တာဝန်ရှိသူများဖြစ်ကြသည့် နိုင်ငံရေးဆိုင်ရာအရာရှိ Mr.Sean Smith, Mr.David Galbraith, Hanna Kim နှင့် R.C Birthy တို့သည် ယနေ့နံနက် ၁၀ နာရီတွင် အမျိုး၊ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ)(ဗဟို)ရုံးသို့ လာရောက်ပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု မဘသ(ဗဟို)က သတင်းထုတ်ပြန်ထားသည်။

Mr.David Galbraith နှင့်အဖွဲ့ကို မ.ဘ.သ(ဗဟို) ဦးဆောင် ဆရာတော်တစ်ပါးဖြစ်သည့် ငါးကျမ်းပြန်ဆရာတော် ဒေါက်တာအရှင်ဓမ္မပိယက လက်ခံတွေ့ဆုံခဲ့ပြီး အမေရိကန်သံရုံး တာဝန်ရှိသူများ၏ မေးမြန်းမှုများကို တာဝန်ခံဖြေကြားပေးခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ဝေဖန်မှုများ မြင့်တက်လာခဲ့သည့် ဆရာတော်ဦးဝီရသူ၏ သတင်းများနှင့် ပတ်သက်၍ မဘသအဖွဲ့၏ သဘောထားကို အမေရိကန်သံရုံး တာဝန်ရှိသူများက မေးမြန်းခဲ့ရာတွင် သက်ဆိုင်ရာအကြောင်းကိစ္စတစ်ခု နှင့်ပတ်သက်၍ တစ်စုံတစ်ဦးတစ်ယောက်၏ ထုတ်ဖော်ပြောဆိုမှုသည် မ.ဘ.သအဖွဲ့ကြီးတစ်ခုလုံးကို ကိုယ်စားမပြုနိုင်ကြောင်း၊ ရှေ့နေဦးကိုနီ သေဆုံးခဲ့ရခြင်းနှင့်ပတ်သက်၍ ဆရာတော်ဦးဝီရသူ၏ ပြောဆိုချက်မှာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သူ၏ကိုယ်ပိုင်အမြင်တစ်ခုကိုသာ ချပြခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်ဒေါက်တာ အရှင်ဓမ္မပိယက ဖြေကြားသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထအစည်းအဝေး၏ ဆုံးဖြတ်ချက်ဖြင့် ဆရာတော် ဦးဝီရသူအား တရားဟောခွင့် ပိတ်ပင်ခဲ့ခြင်းမှာ ပါရာဇိကသိက္ခာပုဒ်များနှင့် သက်ဆိုင်ခြင်းလုံးဝမရှိကြောင်း မန္တလေးတိုင်းဒေသကြီးရှိ သံဃနာယကအဖွဲ့မှ ထုတ်ပြန်ထားပြီးဖြစ်ကြောင်းလည်း ဖြေကြားသွားခဲ့သည်။

နိုင်ငံတကာတွင် မြန်မာနိုင်ငံမှ ဘာသာရေးဆိုင်ရာသတင်းများ ပျံ့နှံ့နေခြင်းနှင့်ပတ်သက်ပြီး မဇ္စျိမက ဆက်သွယ်မေးမြန်းရာ ဒေါက်တာ အရှင်ဓမ္မပိယက “ဝါဒနဲ့ဝါဒီပေါ့။ ဝါဒဆိုတာ ကျင့်သုံးနေတဲ့ ဒီမိုကရေစီ၊ Follow လုပ်နေတာက ဒီမိုကရေစီဝါဒီတွေပေါ့။ ဒီမိုကရေစီကိုကြေညက်အောင် လေ့လာမထားတဲ့ အခါကျတော့ ဘုန်းဘုန်းတို့နိုင်ငံမှာ Small Issue ကနေ Big Issue ဖြစ်သွားတယ်။ Local Issueကလည်း National Issue ဖြစ်သွားတယ်။ National Issue ကနေ International Issue ဖြစ်သွားတယ်။ အဲတာဘာ့ကြောင့်ဖြစ်လဲဆိုတော့ ဘုန်းဘုန်းတို့နိုင်ငံမှာ ခပ်များများပုဂ္ဂိုလ်တွေဟာ မီဒီယာသမားတွေရော၊ နိုင်ငံရေးသမားတွေရော၊ ဘုန်းဘုန်းတို့ပြည်သူအများစုက ဝါဒဆိုတဲ့နေရာမှာ ဒီမိုကရေစီဝါဒကိုလိုချင်တာပဲ။ ဝါဒီကျတော့သူက ဒီမိုကရေစီကို အကောင်အထည်ဖေါ်ဖို့ ပါတီတွေက ကွဲပြားသွားပြီ။ အမေရိကန်ဆိုရင်တော့ အနီနဲ့အပြာပေါ့။ ဒီမှာဆိုရင်တော့ အနီနဲ့အစိမ်း။ ဒါပေမယ့် အမေရိကန်ပြည်သူတွေ ချစ်စရာကောင်းတာက ဝါဒတစ်ခုကိုကျင့်သုံးတဲ့အခါမှာ ဒီလူဟာ အနီမဟုတ်ရင် အပြာဖြစ်မယ်၊ အပြာမဟုတ်ရင်အနီဖြစ်မယ်၊ အဲလိုမျိုးမဟုတ်ဘူး။ Third  Party တွေရှိတယ်။ တသီးပုဂ္ဂလတွေရှိမယ်၊ ကြားနေတွေရှိမယ်။ သူတို့နိုင်ငံမှာ အနီမဟုတ်ရင် အပြာဖြစ်မယ်ဆိုတဲ့ ပြဿနာမရှိဘူး။ ဘုန်းဘုန်းတို့ဆီမှာကျတော့ ၂ခုပဲ။ အနီမဟုတ်ရင် အစိမ်း။ အစိမ်းမဟုတ်ရင် အနီပဲ။ ဒီ ပြသနာ က ပိုအားကောင်းလာတဲ့အခါ အဲဒီမှာ တင်ရုန်းမထွက်နိုင်ဘဲ Lock up ဖြစ်သွားတာ” ဟုမိန့်ကြားသည်။

မတူကွဲပြားမှုများနှင့် ကြံုတွေ့ရလျှင် ဟန်ချက်ညီအောင် ကျင့်ကြံရမည်ဟုလည်း မိန့်ကြားသည်။ မ.ဘ.သ (ဗဟို) အနေဖြင့် ဘာသာခြားအဖွဲ့အစည်းအားလုံးကို လက်ခံတွေဆုံရန် အသင့်ရှိသည် ဟုလည်း မ.ဘ.သ ဦးဆောင်ဆရာတော်အချို့က အသိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly