မဘိမ်းမြို့နယ်အတွင်း တရားမဝင်သစ် တန် ၂၅၄ တန်ခန့် ပိုင်ရှင်မဲ့ ထပ်မံဖမ်းဆီးရမိ

မဘိမ်းမြို့နယ်အတွင်း တရားမဝင်သစ် တန် ၂၅၄ တန်ခန့် ပိုင်ရှင်မဲ့ ထပ်မံဖမ်းဆီးရမိ
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မတ်လ  ၂၂ ။               ။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်အတွင်း ကျွန်းသစ်ခွဲသား တန် ၁၈၀ ကျော်အပါအဝင် သစ်တန် ၂၅၄ တန်ခန့် ပိုင်ရှင်မဲ့ ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မတ်လ ၂၂ ရက်တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် သစ်မျိုးစုံခန့်မှန်း သစ်တန်ချိန် ၉၄၄ ဒသမ ၈တန်ခန့်၊ ယာဉ်၊ ယန္တရားမျိုးစုံ ၁၃ စီးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပြီးနောက် ယခုလို ထပ်မံဖမ်းဆီးရမိခြင်း ဖြစ်သည်။

မဘိမ်းမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာ၏ အရှေ့မြောက်ဘက် ၈ မိုင်ခန့်အကွာ၊ မတ် ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် အဆိုပါနေရာနှင့် အနီးပတ်ဝန်းကျင် နေရာတစ်ဝိုက်မှ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၂၁၁၃၅ ချောင်း (ခန့်မှန်း ၁၈၀ တန်ကျော်)၊ ပိတောက် သစ်လုံးဆိုဒ်စုံ ၃၆၄ လုံး(ခန့်မှန်း ၅၆ တန်ကျော်)၊ ပိတောက်သစ်ခွဲသားဆိုဒ်စုံ ၉၇၈ ချောင်း(ခန့်မှန်း ၁၇ တန်ခွဲကျော်) စုစုပေါင်းသစ်မျိုးစုံ ခန့်မှန်း ၂၅၄ တန်ကျော်၊ ကရိန်းယာဉ် ၁ စီး၊ တုန်ဖုန်း အမျိုးအစားမော်တော်ယာဉ် ၂ စီး၊ ဟီးနိုးအမျိုးအစား မော်တော်ယာဉ် ၂ စီး၊ ချက်ပလက် အမျိုးအစားမော်တော်ယာဉ် ၁ စီး၊ ကာဂိုအမျိုးအစား မော်တော်ယာဉ် ၂ စီး၊ သရီးကရောင်းယာဉ် ၂ စီး စုစုပေါင်း သစ်ခိုးယာဉ်/ယန္တရားမျိုးစုံ ၁၀ စီးနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် သစ်ခွဲစက် ၃ လုံး၊ မီးစက် ၂ လုံး တို့ကို ပိုင်ရှင်မဲ့ ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံဝိန်းကြီးနယ်မြေနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) မဘိမ်းနယ်မြေတို့တွင် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ မတ် ၂၀ ရက်အထိ ကျွန်းသစ်လုံး/ခွဲသားဆိုဒ်စုံ ခန့်မှန်း ၁၇၉၅ ဒသမ ၃၉ တန်၊ ပိတောက်/တမလန်း အပါအဝင် သစ်မာ အမျိုးအစားခန့်မှန်း ၄၄၅ ဒသမ ၂၄ တန် စုစုပေါင်း သစ်မျိုးစုံခန့်မှန်း ၂၂၄၀ ဒသမ ၆၃ တန်၊ သစ်ခိုးယာဉ်/ယန္တရားမျိုးစုံ ၁၇၄ စီး၊ တရုတ်နိုင်ငံသား ၁၁ ဦး အပါအဝင် စုစုပေါင်း သစ်ခိုးထုတ်သူ ၁၃ ဦးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးနိုင်ခဲ့ပြီး ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly