မြောက်ကိုရီးယားတို့၏ ဒုံးကျည်စမ်းသပ်မှု မအောင်မြင်ခဲ့ကြောင်း တောင်ကိုရီးယား ပြော

မြောက်ကိုရီးယားတို့၏ ဒုံးကျည်စမ်းသပ်မှု မအောင်မြင်ခဲ့ကြောင်း တောင်ကိုရီးယား ပြော

မတ် ၂၂ ။                   ။ ဒုံးကျည်စမ်းသပ်မှုတစ်ခုကို မြောက်ကိုရီးယားတို့ မတ်လ ၂၂ ရက်က လုပ်ဆောင်ခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်တို့က ထုတ်ပြန်ကြေညာသွားသည်။

ပြုံယမ်းအစိုးရအနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်ခန့်က ဒုံးကျည်လေးစင်း ပစ်လွှတ်ခဲ့ပြီး ယင်းမှာ ဂျပန်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်ရန် လေ့ကျင့်ခြင်းဟု ဆိုသည်။

ယခုတစ်ကြိမ် ဒုံးကျည်စမ်းသပ်မှုတစ်ခုကို ထပ်မံလုပ်ဆောင်လာခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိဟု သိရသည်။

မတ်လ ၂၂ ရက် နံနက်ပိုင်းက ၀ွန်ဆန် ဆိပ်ကမ်းအရှေ့ဘက် လေတပ်စခန်းတစ်ခုမှ ဒုံးကျည်တစ်စင်း မြောက်ကိုရီးယားတို့ ပစ်လွှတ်စမ်းသပ်ခဲ့သော်လည်း ယင်းစမ်းသပ်ချက်မှာ အောင်မြင်ခဲ့ခြင်းမရှိဟု ယုံကြည်ရကြောင်း ဆိုးလ်မြို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သွားသည်။ ဆက်လက်၍ မည်သည့် ဒုံးအမျိုးအစားကို စမ်းသပ်ခဲ့သည်ဆိုသည်ကို စုံစမ်းနေလျက်ရှိကြောင်း ထုတ်ပြန်သွားသည်။

မြောက်ကိုရီးယားတို့အနေဖြင့် ယခုလက်ရှိအချိန်တွင် ယင်း၏ အဏုမြူနှင့် ပဲ့ထိန်းဒုံး စမ်းသပ်ပစ်လွှတ်မှု အစီအစဉ်များကြောင့် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများနှင့် ကြံုတွေ့နေရလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly