မနီလာတွင် ကျုးကျော်များကို ဖိလစ်ပိုင်အစိုးရက ဖယ်ရှား၍ မိသားစုပေါင်း ၁၀၀ ကျော် အိုးအိမ်မဲ့ဖြစ်

မနီလာတွင် ကျုးကျော်များကို ဖိလစ်ပိုင်အစိုးရက ဖယ်ရှား၍ မိသားစုပေါင်း ၁၀၀ ကျော် အိုးအိမ်မဲ့ဖြစ်

မနီလာ၊ မတ် ၂၁ ။           ။ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ အရှေ့တောင်ပိုင်းက မန်တီလူပါမြို့က ကျုးကျော်အိမ်ရာများကို အစိုးရက ဖယ်ရှားရှင်းလင်းရာ မိသားစုပေါင်း တစ်ရာကျော်ထက်မနည်း အိုးမဲ့အိမ်မဲ့ဖြစ်ရသည်။

“ဖြိုချဖျက်ဆီးတာ အလိုမရှိ၊ ဖြိုချဖျက်ဆီးမှုက ဥပဒေမဲ့လုပ်ရပ်၊ မြို့တော်ဝန် လက်ပိုက်ကြည့်မနေနဲ့။” စသော ကြွေးကြော်သံများအား ယာယီအိမ်များ ဖြိုချခံရသည့်အထဲက မိသားစုဝင်တစ်ချို့က ဟစ်အော်ကြွေးကြော်ခဲ့ကြသည်။

ယခုကျုးကျော်ရပ်ကွက်တွင်း နေထိုင်သူများစွာက ပြီးခဲ့သည့် မေလအတွင်း ရွေးကောက်ပွဲတွင် မန်တီလူပါမြို့တော်ဝန် ဂျီမီဖရက်စနီဒီကို မဲပေးခဲ့သူများဖြစ်ပြီး မြို့ဖွံ့ဖြိုးစည်ပင်ရေးအတွက် မဲပေးခဲ့သူကိုယ်တိုင်က ပေယျာကန် ပြုမူကာ ယခုကဲ့သို့ အိမ်ရာများ ဖြိုချခြင်းအတွက် မချိတင်ကဲဖြစ်ရကြောင်း နေထိုင်သူတစ်ဦးက EPA
သတင်းဌာနသို့ ပြောသည်။

နှစ်ပေါင်း အစိတ်နီးပါး နေထိုင်လာသူများ၏ အိမ်ရာများ ဖြိုချရာတွင် တစ်အိမ်ထောင်လျှင် လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၄၀၀ နီးပါး ပေးထားသော်လည်း နေရေးထိုင်ရေးအတွက် အခြားစီစဉ်ပေးမှု မရှိခြင်းကြောင့် မည်သည့်နေရာ မည်သည့်အရပ် သွားရောက်နေထိုင်ရမည်ကို ၎င်းတို့အနေဖြင့် မတတ်နိုင်ဘဲ ရှိနေရသည်ဟု ပြောဆိုကြသည်။

မြို့၏ ရထားလမ်းပိုင်းတစ်လျှောက် ရှိနေသည့် ယခုကျုးကျော်တဲအိမ်များကို ပုဂ္ဂလိက စက်မှုလုပ်ငန်းတစ်ရပ် ဖွင့်လှစ်ရန်အတွက် ဖယ်ရှားခြင်းဖြစ်သည်။ ယင်းအရပ်တွင် နေထိုင်သူများအနေဖြင့် စက်ရုံအလုပ်သမားများကို ရထားလမ်းတစ်လျှောက် လက်တွန်းလှည်းယာဉ်ဖြင့် ပို့ဆောင်ခြင်းကဲ့သို့ ကြံုရာကျပန်း လုပ်ကိုင်ပေးမှုများမှ တစ်နေ့လျှင် ပီဆို ၁၀၀ (ဒေါ်လာနှစ်ဒေါ်လာ) ကျော် ဝင်ငွေရနေရာမှ ယခုလို ဖယ်ရှားခံရခြင်းနှင့် ကြံုတွေ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly