ဘတ်စ်ကားသစ်များဖြင့် ပြောင်းလဲပြေးဆွဲရန် YBS ကုမ္ပဏီတစ်ခု ပြင်ဆင်နေ

ဘတ်စ်ကားသစ်များဖြင့် ပြောင်းလဲပြေးဆွဲရန် YBS ကုမ္ပဏီတစ်ခု ပြင်ဆင်နေ
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ မတ် ၂၁ ။            ။ YBS ယာဉ်လိုင်းများကို ဘတ်စ်ကားသစ်များဖြင့် ပြေးဆွဲရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (YUPT) မှ အတွင်းရေးမှူး ဦးမောင်မောင်လွင်က မဇ္ဈိမသို့ မတ်လ ၂၁ ရက်တွင် ပြောသည်။

လက်ရှိတွင် ကားသစ် ၂၁၀ ရောက်ရှိနေပြီး ၎င်းအနက်မှ ကားစီးရေ ၁၃၀ အား စတင်ပြေးဆွဲနေကာ တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံမှ ဘတ်စ်ကားစီးရေ ၃၄၂ စီး မှာယူထားသည်ဟု ယခင် မထသမှ ပိုင်ဆိုင်သော YUPT အများပိုင်ကုမ္ပဏီမှ သိရသည်။

ရောက်ရှိသည့် ဘတ်စ်ကားအသစ်များကို CCTV ကင်မရာအပါအဝင် အဆင့်မြှင့်တင်မှုများပြုလုပ်နေကာ အဲကွန်းမအေးပါက ချက်ချင်းရပ်ပစ်မည်ဟု ဦးမောင်မောင်လွင်က ပြောသည်။

“အဲကွန်း မအေးရင် ကျွန်တော်တို့က ချက်ချင်းရပ်ပစ်တာ။ အဲကွန်းလည်း အေးရမယ်။ CCTV လည်းပါရမယ်။ GPS လည်း ပါရမယ်ပေါ့။ နောက် အရှေ့က တက်၊ နောက်က ဆင်းဖြစ်မယ်။ ပြီးရင် စပယ်ယာ မပါတော့ဘူး။ အဲ့ဒီစနစ်နဲ့ ကျွန်တော်တို့သွားနေပါတယ်။ ဒါက ရန်ကုန်တိုင်းဒေသကြီး အစိုးရအာဏာပိုင်အဖွဲ့ရဲ့ အကောင်အထည်ဖော်တဲ့ လမ်းပေါ်ကို ကျွန်တော်တို့သွားနေတာပါ ”ဟု ဦးမောင်မောင်လွင်က ပြောသည်။

အဆိုပါကုမ္ပဏီမှ ဇန်နဝါရီလ ၂၆ ရက်နေ့မှစတင်ကာ ဘတ်စ်ကားများကို WiFi အခမဲ့စနစ် အပါအဝင် ဘတ်စ် ကားတစ်စီးလျှင် CCTV ကင်မရာ ၅ လုံး၊ ယာဉ်စီးခ ထည့်ရန် Cash Box ၁ လုံး၊ GPS များကို အဆင့်မြှင့် တပ် ဆင်နေခြင်းဖြစ်ပြီး လက်ရှိတွင် တပ်ဆင်ပြီးသည့် ယာဉ်လိုင်းများကို ယာဉ်နောက်လိုက်မပါဘဲ Cash Box စနစ် ဖြင့်စတင်ပြေးဆွဲနေသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် သုံးလတစ်ကြိမ် အဆင့်မြှင့်တင်မှု ပြုလုပ် မည်ဖြစ်ပြီး YBS စနစ်သို့ ပထမအဆင့်ပြောင်းလဲခဲ့ပြီးနောက် ယခု ဒုတိယအဆင့်အနေဖြင့် YBS အများပိုင် ကုမ္ပဏီများမှ ဧပြီလတွင် ကားသစ်များဖြင့် လဲလှယ်ပြေးဆွဲရမည်ဖြစ်ကြောင်း YBS ယာဉ်လိုင်းစတင်ပြေးဆွဲမှု တစ်လပြည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့သည်။

“ ဧပြီလအမီတော့ ကားအသစ်အားလုံး အစားထိုးပြီး ဘယ်ပြေးနိုင်မလဲ။ အခုက အစိုးရက ဝယ်ထားတဲ့ ကား တောင် မရောက်လာသေးပါဘူး။ ကားအသစ်အားလုံးတော့ ပြေးဖို့မရနိုင်ဘူး။ လိုအပ်တဲ့နေရာတွေမှာ ကား အသစ်တွေနဲ့ အစားထိုးတဲ့ အပိုင်းတော့ လုပ်ပေးသွားမယ်” ဟု ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင် ရေး ကုမ္ပဏီ (YUPT) မှ ဒါရိုက်တာ ဦးကိုကိုနိုင်က ပြောသည်။

ဘတ်စ်ကားသစ်များကို အဆင့်မြှင့်တပ်ဆင်ရာတွင် တစ်စီးလျှင် ငွေကျပ် ၁၈ သိန်းခန့် ကုန်ကျပြီး ယာဉ်နောက်လိုက်မပါဘဲ ပြေးဆွဲနေသည်မှာ YBS ယာဉ်လိုင်း ၄ လိုင်းအထိ ရှိပြီ ဖြစ်ကြောင်း YUPT ကုမ္ပဏီမှ သိရသည်။

YUPT (ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး)ကုမ္ပဏီမှာ YBS စနစ်တွင် မထသမှ အများပိုင်သို့ ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး အချက်အချာကျသောနေရာများတွင် YBS ယာဉ်လိုင်းပေါင်း ၂ဝ ကို ပြေးဆွဲနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly