၅၀၀ကျပ်တန် ထီကိုယ်စားလှယ်များအတွက် အကျိုးအမြတ်တိုးမြှင့်ပေးရန် မဖြစ်နိုင်သေးဟုဆို

၅၀၀ကျပ်တန် ထီကိုယ်စားလှယ်များအတွက် အကျိုးအမြတ်တိုးမြှင့်ပေးရန် မဖြစ်နိုင်သေးဟုဆို

ရန်ကုန်၊ မတ် ၂၁ ။        ။ ကျပ် ၅၀၀ တန် ထီကိုယ်စားလှယ်များအတွက် အကျိုးအမြတ်ခံစားခွင့် တိုးမြှင့်ပေးရန် မဖြစ်နိုင်သေးကြောင်း အောင်ဘာလေသန်းဆုဋ္ဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က ပြောသည်။

ထီကိုယ်စားလှယ်များကို ခွဲဝေပေးသည့် အမြတ်ငွေခံစားမှု နည်းပါးနေသည့်အတွက် ဆယ့်တစ်စောင်ပါ ထီတစ်အုပ်ကို ၅၀၀၀ ကျပ်နှုန်းမှ ၄၀၀၀ ကျပ်နှုန်းသတ်မှတ်ပေးပြီး အမြတ်ငွေတိုးမြှင့်ပေးရန် ထီလုပ်ငန်းရှင်များအသင်းက အောင်ဘာလေ သိန်းဆုဋ္ဌာနခွဲကို တင်ပြထားသည်။

သို့သော် ထီကိုယ်စားလှယ်များက ၎င်းတို့ဆီမှ တစ်ဆင့်ခံရောင်းချနေသည့် လက်လီရောင်းချနေသူများကို သတ်မှတ်ထားသည့် ၅၀၀ ကျပ် ဖြင့်သာ ရောင်းချရန် တာဝန်မယူနိုင်သည့်အတွက်   အောင်ဘာလေဌာနက အမြတ်ငွေခံစားမှု တိုးမြှင့်ပေးရန် မဖြစ်နိုင်သေးကြောင်း အောင်ဘာလေသိန်းဆုဋ္ဌာနခွဲမှ သိရသည်။

“သူတို့ကို ၄၀၀ နဲ့ ပေးမယ်။ အဲဒီလိုပေးရင်ရော လက်ပွေ့လက်လီရောင်းချသူတွေကို သတ်မှတ်ထားတဲ့စျေးနှုန်းနဲ့ ရောင်းဖို့ကျတော့ သူတို့က အာမခံနိုင်သလားဆိုတော့ အာမမခံနိုင်ဘူး။ အဲဒီတော့ ကျွန်တော်တို့က ၄၅၀၀ နဲ့ပေးလိုက်မယ်။ ထီလက်မှတ် ၂စောင်ပိုပေးလိုက်မယ်ဆိုတော့ ၁၀၀၀ မြတ်နိုင်တာပေါ့။ လက်ကားသမားကပဲ အကျိုးအမြတ်ရပြီး လက်လီသမားက အကျိုးအမြတ်မရဘူးဆိုရင်လည်း ထီစျေးက ထပ်ကြီးနေဦးမယ်လေ။" ဟု ဦးထွန်းထွန်းအောင်က ပြောသည်။

ထီလက်မှတ်များကို ဆယ်စောင်တွဲ၊ ငါးစောင်တွဲ။ ထီကဒ်၊ ထီအိတ်များဖြင့် ခွဲခြားထုပ်ပိုးရသည့် စားရိတ်များအပြင် လှည့်လည်ရောင်းချသည့် ဝန်ထမ်းများအတွက် နေ့တွက်စားရိတ်စသည့် ကုန်ကျစရိတ်များစွာ ရှိနေသည့် အတွက် တစ်ဆင့်ခံကိုယ်စားလှယ်များက စျေးတက်ရောင်းချနေရသည်ဟု ထီကိုယ်စားလှယ်များက ဆိုသည်။

ထီကိုယ်စားလှယ်များအနေနှင့်လည်း လက်လီထီရောင်းချသူတွေကို ကျပ်ငွေ ၅၀၀ နဲ့ မရောင်း ချရန် တာဝန်ယူရန် မလွယ်ကူဟု ထီကိုယ်စားလှယ်ဦးကျော်လှိုင်က ပြောသည်။

“ကျွန်တော်တို့ဘက်က ထီရောင်းချတဲ့စနစ်က အဆင့်ဆင့်သွားရတဲ့စနစ်၊ လက်ကားသမားဆီက ဝယ်တယ်။ နောက် သူ့ဆီက အဆင့်ဆင့် လက်လီသမားတွေက ပြန်ဝယ်တယ်။ အဲဒီလို ဆင့်ကဲဆင့်ကဲသွားတာဆိုတော့ ထိန်းချုပ်ဖို့က ခဲယဉ်းတယ်။ ဥပမာ။ ကျွန်တော်က ၅၀၀ အတိုင်းရောင်းဖို့ ကတိစာချုပ် ချုပ်တယ်ပဲ ထားပါတော့။ ကျွန်တော်နဲ့ သူနဲ့ပဲ ချုပ်တာလေ။ ဆင့်ကဲဆင့်ကဲသွားတဲ့အခါကျတော့ နောက်ရောင်းတဲ့သူတွေနဲ့ ကျတော့ လွတ်နေတယ်။ ကျွန်တော်ရောင်းလိုက်တဲ့သူကို အရေးယူဖို့ဆိုတာကလည်း ခက်တာက သူကိုယ်တိုင် ရောင်းတာမဟုတ်တော့ဘူးလေ။ အဲဒီအခါကျတော့ ကျွန်တော်လည်း အရေးယူလို့ မရတော့ဘူး။” ဟု ထီကိုယ်စားလှယ်ဦးကျော်လှိုင်က ပြောသည်။

လက်ရှိတွင် အောင်ဘာလေသန်းဆုဋ္ဌာနခွဲက ထီကိုယ်စားလှယ်များကို ၁၁ စောင်ပါ ထီတစ်အုပ် ကျပ်ငွေ ၅၀၀၀ ထီတစ်အုပ်တွင် ထီတစ်စောင်အမြတ်ဖြင့် ရောင်းချပေးနေပြီး ကျပ်ငွေ ၅၀၀ ထက် ပိုမရောင်းရန် ထီကိုယ်စားလှယ်များကို တားမြစ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly