WY ဆေးပြားများတွေ့ရှိရာမှ ဗိုလ်မှူးအယောင်ဆောင်သူအား ဖမ်းဆီးရမိ

WY ဆေးပြားများတွေ့ရှိရာမှ ဗိုလ်မှူးအယောင်ဆောင်သူအား ဖမ်းဆီးရမိ
ဓာတ်ပုံ- Yangon Police

မတ်လ ၂၀ ။            ။ WY ဆေးပြားများတွေ့ရှိ၍ ဖမ်းဆီးရာမှ တပ်မတော်အသုံးအဆောင်ပစ္စည်းများ၊ လေပစ္စတိုသေနတ်၊ ဆက်သွယ်ရေးစက်တို့နှင့်အတူ တပ်မတော်သား( ဗိုလ်မှူး)အယောင်ဆောင်သူအား ဖမ်းဆီးရမိကြောင်း မတ်လ ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ မတ်လ ၁၅ ရက်တွင် လှိုင်သာယာမြို့နယ်၊ (၁၆)ရပ်ကွက်၊ (၁၆)ကွေ့၊ ဗိုလ်အောင်ကျော်လမ်းသို့ သက်သေများနှင့် အတူ သွားရောက်စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ ကမာရွတ်မြို့နယ်နေ ထက်သူမိုးမြင့်ရှိန်(ခ)ထက်သူ၊ (၃၀)နှစ်အား အဆိုပါနေရာတွင် Bojia အမျိုးအစားဆိုင်ကယ်နှင့်အတူတွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ Senter အမျိုးအစား လက်ကိုင်စကားပြောစက်(၁)လုံး၊ WY လိမ္မော်ရောင်ဆေးပြား ၁၅၇ ပြားနှင့် အစိမ်းရောင် ၂ ပြား၊မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့ပြီး အမည်ပါ နိုင်ငံသားစိစစ်ရေးကတ် ၁ ကတ် ပါ တွေ့ရှိခဲ့သည်။

ထို့ပြင် ဗိုလ်မှူးယူနီဖောင်းဝတ်ဆင်လျက် ဗိုလ်မှူး ထက်သူ အမည်နှင့်ဓာတ်ပုံပါ တပ်မတော်စိစစ်ရေးကတ် ၁ ခု၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းကတ်ပြား(၁)ခု၊ တပ်မတော်အသုံးပြုသော အစိမ်းရောင်ပုခုံးဒေါက်(၁)စုံ၊ တပ်မတော်ဗိုလ်မှူးရာထူး ရွှေရောင်အဆင့်တံဆိပ်(၁)စုံနှင့် ရွှေရောင်ကော်လံဂျက်(၁)စုံ၊ တပ်မတော်သုံးတံဆိပ်တုံး(၂)ခု၊ ဗိုလ်မှူး ထက်သူ အမည်ဖြင့်   မော်တော်ယာဉ်အသုံးပြုခွင့်ပေးထားသော ရုံးစာအတု(၂)စောင်၊ Vivo အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး၊ သေနတ်အိတ်အတွင်းထည့်လျက် ခဲကျည်တောင့်(၅)တောင့်ပါ   လေပစ္စတိုသေနတ်(၁)လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

ထက်သူမိုးမြင့်ရှိန်(ခ)ထက်သူအား စစ်ဆေးရာ ၎င်းသည် လွန်ခဲ့သော ၂ နှစ်ခန့်က ကမ်းနားလမ်း၊ အကောက်ခွန်ရုံးအနီးရှိ စာချုပ်စာတမ်း မှတ်ပုံတင်ဘာသာပြန်ဆိုင်တစ်ဆိုင်တွင် ၎င်း၏ ဓာတ်ပုံဖြင့် တပ်မတော်စိစစ်ရေးကတ်ပြုလုပ်ခဲ့ကြောင်း၊ လွန်ခဲ့သော(၁)နှစ်ခန့်က ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရားပွဲစျေးမှ ခဲသီးထည့်၍ပစ်ရသော လေပစ္စတိုသေနတ်(၁)အားဝယ်ယူခဲ့ကြောင်း၊ မတ်လ ၁၄ ရက်တွင် ဗိုလ်မှူးအဆင့်တံဆိပ်(၁)စုံ၊ အစိမ်းရောင်ကော်လံဒေါက်နှင့် ကော်လံဂျက်တို့ အား မင်္ဂလာဒုံစျေးမှဝယ်ယူခဲ့ကြောင်း၊ စကားပြောစက်အား လွန်ခဲ့သော ၄ လခန့်က လှိုင်သာယာမြို့နယ်၊(၇)ရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ၀င်ရောက်စားသောက်စဉ် တွေ့ရှိသူအမျိုးသားတစ်ဦးထံမှ ၀ယ်ယူခဲ့ကြောင်း၊ တံဆိပ်တုံးများအား ဆူးလေဘုရားအနီးရှိ တံဆိပ်တုံးပြုလုပ်သည့် ဆိုင်တစ်ဆိုင်မှပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း  ထွက်ဆိုခဲ့သည်။

၎င်းသည် ဗိုလ်မှူးယူနီဖောင်းဝတ်ဆင်၍ လှိုင်သာယာမြို့နယ်၊ (၁၉)ရပ်ကွက်အတွင်း သွားလာကာ ၎င်း၏ မိတ်ဆွေများရရန်ရှိသော ငွေကြေးများနှင့် ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် လိမ်လည်ဖြေရှင်းပေးခဲ့ဖူးကြောင်း ပေါ်ပေါက်ခဲ့သည်။

လက်ရှိတွင် လှိုင်သာယာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ၁၅/၁၉(က)/၂၀(က)/၂၂၊ ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၇၊ လက်နက် အက်ဥပဒေပုဒ်မ-၁၉(စ)နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၄၀/၄၆၈ တို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly