၀န်ကြီးချုပ်ကို လုပ်ကြံမည့် အစီအစဉ်တစ်ခု ကြိုတင်ဖော်ထုတ်သိရှိခဲ့ဟု ထိုင်းရဲတပ်ဖွဲ့ပြော

၀န်ကြီးချုပ်ကို လုပ်ကြံမည့် အစီအစဉ်တစ်ခု ကြိုတင်ဖော်ထုတ်သိရှိခဲ့ဟု ထိုင်းရဲတပ်ဖွဲ့ပြော

မတ် ၂၀ ။                    ။ နိုင်ငံတွင် ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာ အား လုပ်ကြံသတ်ဖြတ်မည့် အစီအစဉ်တစ်ခုကို ကြိုတင်ဖော်ထုတ်နိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က မတ်လ ၁၉ ရက်တွင် ထုတ်ပြန်သွားသည်။

စစ်အစိုးရ ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတစ်ဦးထံမှ လက်နက်ခဲယမ်းပေါင်းများစွာကို ရဲတပ်ဖွဲ့က ရှာဖွေသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ နိုင်ငံတွင် ၀န်ကြီးချုပ်ကို လုပ်ကြံရန် ယခုကဲ့သို့ စစ်လက်နက်အမြောက်အမြား စုဆောင်းထားခြင်းသာ ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ယုံကြည်လျက်ရှိသည်။

ယခု ဖော်ထုတ် သိမ်းဆည်းမိခဲ့သော လက်နက်များကို ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာ အား သစ္စာခံသော နိုင်ငံရေးအင်အားစု ရှပ်နီလှုပ်ရှားမှုအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးထံမှ လယ်ဝယ် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ရှပ်နီခေါင်းဆောင်တစ်ဦးဖြစ်သူ ၀ူသီပေါင် ကိုချာသာမက်ခွန်၏ နေအိမ်အတွင်းမှ ရိုင်ဖယ်နှင့် လက်ပစ်ဗုံး ဒါဇင်ပေါင်းများစွာနှင့် အတူ လက်နက်ခဲယမ်းများစွာကို ပြီးခဲ့သည့် စနေနေ့က သွားရောက်သိမ်းဆည်းရမိခဲ့ခြင်းလည်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ လက်နက်များ တွေ့ရှိသိမ်းဆည်းရမိမှုဖြစ်စဉ် နှင့် ဆက်နွယ်ပတ်သက်နေသူ အမျိုးသား ရှစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်းနှင့် ၎င်းတို့ အုပ်စုမှာ နိုင်ငံတွင် မငြိမ်မသက်မှုများ ဖြစ်စေမည့် အစီအစဉ်များလုပ်ဆောင်ရန် ကြံရွယ်နေကြသူများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

" ကျွန်တော်တို့ စနိုက်ပါ သေနတ်တစ်လက်ပါ တွေ့ရပါတယ်၊ ဒါကိုပါ တွေ့ရပုံထောက်တော့ ဒါငှက်ပစ်ဖို့ မဟုတ်နိုင်တော့ပါဘူး၊ ကျွန်တော်တို့ နိုင်ငံခေါင်းဆောင်ကို ပစ်ခတ်လုပ်ကြံဖို့ ဖြစ်တယ်လို့ ကောက်ချက်ချထားပါတယ်" ဟု ထိုင်းအမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ ဂျက်သစ်ပ် ချာဂျင်ဒါက ပြောသွားသည်။

ယခုကဲ့သို့ လက်နက်များအစုလိုက်အပြံုလိုက် တွေ့ရှိသိမ်းဆည်းခဲ့မိခြင်းကို ကြည့်ပါက နိုင်ငံတွင် မတည်မငြိမ်မှုများ ဖန်တီးရန်နှင့် အာဏာသိမ်းရန် လူတစ်စုက ကြိုးပမ်းနေကြောင်းကို ပြသနေကြောင်း ထိုင်းအစိုးရက ထုတ်ပြန်သွားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly