ရခိုင်တွင် ရပ်နားထားသည့် ရေကြောင်းလိုင်းများအား မကြာမီပြေးဆွဲနိုင်တော့မည်

ရခိုင်တွင် ရပ်နားထားသည့် ရေကြောင်းလိုင်းများအား မကြာမီပြေးဆွဲနိုင်တော့မည်
Photo- CJ

စစ်တွေ၊ မတ် ၂၀ ရက် ။            ။ ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းရေကြောင်းဌာနမှ ရေကြောင်းလိုင်းများတွင် ပြေးဆွဲလျှက်ရှိသည့် ရေယဉ်များမှာ သက်တမ်းကြာမြင့်လာသဖြင့် လုံခြံုစိတ်ချမှု နည်းပါးလာနေပြီ ဖြစ်သည့်အတွက် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းက စတင်ရပ်နားထားခဲ့သော ရေကြောင်းလိုင်းများအား မကြာမီပြေးဆွဲနိုင်တော့မည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ ရေကြောင်းလိုင်းများတွင် ပြေးဆွဲနိုင်ရန်အတွက် ဂျပန်နိုင််ငံမှ ပြည်တွင်းရေကြောင်းဌာန ရခိုင်ဌာနခွဲသို့ သင်္ဘော သုံးစင်းပေးအပ်ထားသည့်အနက် တစ်စီးမှာ ယခုလ ၁၄ ရက်နေ့က ကျောက်ဖြူဆိပ်ကမ်းသို့ ရောက်ရှိ လာခဲ့ပြီး ၁၉ ရက်နေ့တွင် စစ်တွေဆိပ်ကမ်းသို့ ရောက်ရှိနေပြီဖြစ်ကာ စစ်တွေ-တောင်ကုတ် ရေကြောင်းလိုင်းအား စတင်ပြေးဆွဲနိုင်တော့ မည်ဖြစ်ကြောင်းသိရသည်။

“ဂျပန်ကပေးတဲ့ သင်္ဘောသုံးစင်းထဲက တစ်စီးဟာ စစ်တွေဆိပ်ကမ်းကို မနေ့ကရောက်ပါတယ်။ တာဝန်ပေးမယ့် ဝန်ထမ်းတွေကို ကျောက်ဖြူမှာ သင်တန်းပေးပြီးတော့ စစ်တွေကိုရောက်ရှိလာခဲ့တာပါ။ မကြာခင်မှာပဲ စစ်တွေ-တောင်ကုတ် လိုင်းကို စပြီးပြေးဆွဲတော့မှာဖြစ်ပါတယ်။”ဟု ရေကြောင်းဌာန လက်ထောက်ရေကြောင်းမှူးချုပ် ဦးအောင်ကျော်စိုး ကပြောသည်။

ယခင်က ပြည်တွင်းရေးကြောင်းဌာနမှ ပြေးဆွဲနေခဲ့သည့် သင်္ဘောများမှာ ခရီးသည်နှင့်ကုန်စည်များပါ ရောနှော ပြေးဆွဲ နေခဲ့သော်လည်း ဂျပန်နိုင်ငံမှပေးအပ်သည့် သင်္ဘောများမှာ ရှပ်ပြေးအမြန်ရေယဉ်များဖြစ်သဖြင့် လူစီးသီးသန့်အဖြစ်သာ ပြေးဆွဲတော့မည်ဖြစ်ကြောင်း၊ ကုန်စည်ပို့ဆောင်ရေးအတွက် သီးသန့် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်တွင်းရေးကြောင်း ပို့ဆောင်ရေးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းကပြောသည်။

“လောလောဆယ်တော့ ကုလားတန်ဆိပ်ကမ်းမှာဘဲ ရပ်နားထားပါတယ်။ လာမယ့် ၂၉ ရက်နေ့မှာ ကျွန်တော်တို့ ရေကြောင်းဌာနကို အခမ်းအနားနဲ့ အပ်နှံမှာဖြစ်ပါတယ်။ ဂျပန်သံအမတ်ကြီးကိုယ်တိုင်လာပြီး အပ်နှံမှာပါ။”ဟု ရေကြောင်းဌာန လက်ထောက်ရေကြောင်းမှူးချုပ် ဦးအောင်ကျော်စိုးကပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းရေကြောင်းဌာနမှ စစ်တွေ-ဘူးသီးတောင်လိုင်းနှင့် စစ်တွေ-မြောက်ဦးလိုင်းများကိုသာ ပြေးဆွဲလျှက်ရှိပြီး သင်္ဘောအသစ်များရောက်ရှိပါက ရပ်နားထားသည့် ရေကြောင်းလိုင်းများ အားလုံးကို ပြန်လည်ပြေးဆွဲနိုင်မည်ဖြစ်ကာ ယင်းရေကြောင်းလိုင်းများတွင် ပြေးဆွဲရန်အတွက် သင်္ဘောများကို ဂျပန်နိုင်ငံ JICA ဖောင်ဒေးရှင်းမှ လှူဒါန်းပေးခြင်းဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly