အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးခိုင်မာရန် လုပ်ဆောင်သွားမည်ဟု တိုင်လာဆန်နှင့် ရှီတို့ ကတိပြု

အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးခိုင်မာရန် လုပ်ဆောင်သွားမည်ဟု တိုင်လာဆန်နှင့် ရှီတို့ ကတိပြု

 မတ် ၁၉ ။            ။ တရုတ်သမ္မတ ရှီကျင်းပင်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တိုင်လာတို့သည် ယနေ့ တနင်္ဂနွေနေ့၌ ပြုလုပ်ခဲ့သော ဆွေးနွေးမှုအတွင်း မြောက်ကိုရီးယားအရေးနှင့် ကုန်သွယ်မှု အငြင်းပွားဖွယ်ရာ ကိစ္စများကြောင့် မငြိမ်မသက်ဖြစ်ခဲ့ရသော နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်အားကောင်းအောင် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ကတိကဝတ်ပြုခဲ့ကြသည်။

မြောက်ကိုရီးယားနိုင်ငံက ရန်စသောအနေဖြင့် ဒုံးပျံအင်ဂျင်စမ်းသပ်မှုများ လုပ်ဆောင်အပြီး နာရီပိုင်းအကြာတွင် ရှီကျင်းပင်နှင့် တိုင်လာဆန်တို့ ဘေဂျင်းမြို့၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး လာမည့်လအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရှီတို့ တွေ့ဆုံရန် ညှိုနှိုင်းခဲ့ကြသည်။

ရှီက တိုင်လာဆန်အား သူနှင့်ထရမ့်တို့သည် ပြီးခဲ့သောလက ဖုန်းဆက်သွယ်ပြောကြားခဲ့မှုအတွင်း တရုတ်နှင့် အမေရိကန် ပူးပေါင်းဆောင်ရွက်မှု မြှင့်တက်ရန်အတွက် လက်တွဲဆောင်ရွက်မည်ဟု ပြောဆိုခဲ့ကြောင်းနှင့် ခေတ်သစ်အတွင်း ပိုမိုခိုင်မာသည့် ဆက်ဆံရေးများ ဆက်လက်ရရှိသွားအောင် ဆောင်ရွက်နိုင်မည်ဟု ၄င်းတို့နှစ်ဦးစလုံး ယုံကြည်ကြကြောင်း ပြောခဲ့သည်။

“ကျနော်တို့ဒါကို လုပ်ကိုင်နိုင်သရွေ့ နှစ်နိုင်ငံဆက်ဆံရေးဟာ မှန်ကန်တဲ့လမ်းကြောင်းဆီသို့ ရွေ့လျားသွား မယ်ဆိုတာကို ကျနော်ယုံကြည်မှုအပြည့်ရှိပါတယ်” ဟု ရှီက ပြောခဲ့သည်။

တရုတ်နိုင်ငံသို့ မလာရောက်မီတွင် တိုင်လာဆန်သည် မဟာမိတ်များဖြစ်ကြသော ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများသို့ သွားရောက်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံအပေါ် မအောင်မြင်သော သံတမန်ဆက်ဆံရေးဖြင့် ချဉ်းကပ်မှုများကို အမေရိကန်နိုင်ငံက ရုပ်သိမ်းတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၌ အမေရိကန်နိုင်ငံ၏ ဒုံးပျံကာကွယ်ရေးစနစ်တပ်ဆင်မှုအား တရုတ်နိုင်ငံမှ ပြင်းပြင်းထန် ထန် ဆန့်ကျင်ခဲ့မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေသလို တရုတ်နိုင်ငံသည် ၄င်းတို့၏ အိမ်နီးချင်း ဖြစ်သည့် မြောက်ကိုရီးယားနိုင်ငံအပေါ် ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်းမရှိဟုဆိုသော ထရမ့်၏ တွစ်တာမှ စွပ်စွဲ ချက်ကြောင့်လည်း ယခုရက်ပိုင်းအတွင်း မပြေမလည်ဖြစ်နေရသည်။ ဒါ့အပြင် ထရမ့်သည် တရုတ်နိုင်ငံ၏ တရားမျှတမှု မရှိသော ကုန်သွယ်ရေးဆိုင်ရာ ကျင့်သုံးမှုပုံစံကိုလည်း ထပ်ခါတလဲလဲ ဝေဖန်ထားသည်။

သို့သော်လည်း တိုင်လာဆန်၏ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မှုသည် အဆင်ပြေချောမွေ့လျက် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags