ဇူလိုင် ၂၈၊ မွန်ထရီရယ် ။ ။ ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဘာသည် အမေရိကန်မေဂျာလိဂ်ကလပ် မွန်ထရီရယ်အင်းပတ်အသင်းနှင့် စာချုပ်လိုက်ပြီ ဖြစ်သည်။ အသက် ၃၇ နှစ်ရှိတိုက်စစ်မှူးသည် ချယ်လ်ဆီးအသင်းတွင် နှစ်ကြိမ်ကစားခဲ့သည့်ကာလအတွင်း ပွဲပေါင်း ၃၈၁ ပွဲကစားခွင့်ရခဲ့ကာ ပရီးမီး ယားလိဂ်ဖလား လေးလုံးရပြီးနောက် လက်ရှိနွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာ ခဲ့ခြင်းဖြစ်သည်။
ဒရော့ဘာသည် အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းအတွက် ၁၀၅ ပွဲကစားပြီး ၆၅ ဂိုးသွင်းယူထားသည့် အိုင်ဗရီကို့စ်ဂိုးသွင်းအများဆုံး တိုက်စစ်မှူးလည်းဖြစ်သည်။
ဒရော့ဘာကိုခေါ်ယူနိုင်ခြင်းမှာ အသင်းသမိုင်းတစ်လျှောက် အမှတ်ရစရာအကောင်းဆုံးဖြစ်ရပ်တစ်ခုဟု မွန်ထရီရယ်အသင်းဥက္ကဋ္ဌ ဂျိုယေး ဆာပူတိုက ပြောသည်။
"ဒရော့ဘာကိုခေါ်နိုင်တာက အသင်းအတွက် ဂုဏ်ယူစရာလည်းဖြစ်ပါတယ်။ သူနဲ့ပထမဆုံးစပြီး စကားပြောဖြစ်ကတည်းက အသင်းအတွက် သူ တကယ်ကစားပေးချင်တယ်လို့ ကျွန်တော်ခံစားမိပါတယ်။ သူရောက်လာလို့ တကယ်ပဲအကျိုးရှိလာပါလိမ့်မယ်"ဟု ဂျိုယေးဆာပူတိုက ပြောသည်။
ကနေဒါကလပ်အသင်းမွန်ထရီရယ်အတွက် ဒရော့ဘာသည်အထူးကစားသမားတစ်ဦးဖြစ်နေသဖြင့် မေဂျာလိဂ်လစာစည်းကမ်းကန့်သတ်ချက် မှ လွတ်ကင်းမည်ဖြစ်သည်။
၂၀၁၂ တွင် အမေရိကန်မေဂျာလိဂ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် ကနေဒါကလပ် မွန်ထရီရယ်သည် ပြီးခဲ့သည့်နှစ်က အမှတ်ပေး ဇယားအောက်ဆုံးတွင်သာ ရပ်တည်နိုင်ခဲ့သည်။
ဒရော့ဘာ၏ချယ်လ်ဆီးအသင်းဖော်ဟောင်း လမ်းပတ်သည်လည်း မေဂျာလိဂ်ကလပ် နယူးယော့ခ်စီးတီးအသင်းသို့ ယခုနှစ်တွင် ပြောင်းရွှေ့ ထားသည်။
Ref; BBC