အကောင်းဆုံးဆုရပြီးနောက် အာဖရိက ကစားသမားတစ်ဦး ဇနီးသည်အပြင် ချစ်သူကိုပါ ကျေးဇူးတင်စကားပြောမိ

အကောင်းဆုံးဆုရပြီးနောက် အာဖရိက ကစားသမားတစ်ဦး ဇနီးသည်အပြင် ချစ်သူကိုပါ ကျေးဇူးတင်စကားပြောမိ

မတ် ၁၉၊ တောင်အာဖရိက။              ။ ဂါနာဘောလုံသမားတစ်ဦးသည် ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုရပြီးနောက် တိုက်ရိုက်ထုတ်လွှင့်သည့် အင်တာဗျူး၌ ဇနီးသည်အပြင် ချစ်သူကိုပါ   ကျေးဇူးတင်စကားပြောမိသွားသည်ဟု မေးလ်အွန်လိုင်းသတင်းတွင်ဖော်ပြထားသည်။

အဝေးကွင်းတွင် အိုင်းယက်ကိတ်ပ်တောင်းနှင့်သရေကျခဲ့ပြီးနောက် ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုရခဲ့သည့် ဖရီးစတိတ်စတားစ်တိုက်စစ်မှူး မိုဟာမက်အန်နက်စ်သည်   ခေတ္တသာကြာမြင့်သည့်   အင်တာဗျူးတွင် ပြောဆိုမိသွားခြင်းဖြစ်သည်။

“ကျွန်တော့်ပရိသတ်တွေကိုလည်း အသိမှတ်ပြုတန်ဖိုးထားပါတယ်။ ကျွန်တော့်ဇနီးနဲ့ ချစ်သူ. . . အဲ ကျွန်တော့်ဇနီးပါ။ မှားပြော မိတာ။ တောင်းပန်ပါတယ်။ နှလုံးသားတစ်ခုလုံးနဲ့ မင်းကိုချစ်ပါတယ်။

ကိုယ့်ကိုဆက်ပြီးအားပေးပါဦး။ လာကြည့်လို့ ကျေးဇူးတင်ပါတယ်။ နောက်ထပ်ခြေစွမ်းတွေလည်းထပ်ပြဦးမှာပါ”ဟု အန်နက်စ်က အင်တာဗျူးတွင်ပြောသည်။

တောင်အာဖရိကပရီးမီးယားလိဂ်တွင်ကစားနေသော အန်နက်စ်သည် အင်တာဗျူးတွင် မိခင်ဘာသာစကားကိုအသုံးပြုခဲ့ခြင်း မရှိ၍ မှားယွင်းခဲ့သည်ဟုယူဆရပြီး ၎င်း၏အမှားမှာ စနေနေ့တွင် တွစ်တာ၌ တမဟုတ်ချင်းပျံ့နှံ့သွားခဲ့သည်။

တွစ်တာအသုံးပြုသူတစ်ဦးက “ဂိုးနှစ်ဂိုး၊ မိန်းကလေးနှစ်ယောက်၊ မိုဟာမက်အန်နက်စ်” ဟုလည်းကောင်း အခြားတစ်ဦးက “တောင်အာဖရိကယောင်္ကျားတွေရဲ့ ရှေ့ဆောင်အဖြစ် မဲပေးဖို့ ယုံကြည်ပါတယ်”ဟုလည်းကောင်း ရေးသားခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly