MH17 လေကြောင်းခရီးစဉ်အား ရည်စူး၍ ကျန်ရစ်သူမိသားစုများက အထိမ်းအမှတ်ပန်းခြံတွင် သစ်ပင်များ စိုက်ပျိုး

MH17 လေကြောင်းခရီးစဉ်အား ရည်စူး၍ ကျန်ရစ်သူမိသားစုများက အထိမ်းအမှတ်ပန်းခြံတွင် သစ်ပင်များ စိုက်ပျိုး

မတ် ၁၈ ။             ။ ၂၀၁၄ခုနှစ် နှစ်လယ်က ယူကရိန်းနိုင်ငံနယ်နမိတ်အတွင်း၌ ပစ်ချခံခဲ့ရသော MH17 လေကြောင်းခရီးစဉ်၌ လိုက်ပါစီးနင်းခဲ့၍ သေဆုံးခဲ့ရသောခရီးသည်များ၏ မိသားစုဝင်များသည် ပြီးခဲ့သော စနေနေ့တွင် နယ်သာလန်နိုင်ငံရှိ အထိမ်းအမှတ်ပန်းခြံထဲ၌ ကွယ်လွန်သူများအား ရည်စူးကာ သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။

“ယနေ့ဟာ နောက်မျိုးဆက်တွေအားလုံးအတွက် အလွန်အရေးပါတဲ့ နေ့တစ်နေ့ပဲဖြစ်ပါတယ်။ MH17 ဖြစ်ရပ် အတွက် အထိမ်းအမှတ်တစ်ခုအနေနဲ့ ကျနော်တို့ သစ်ပင်တွေစိုက်ပျိုးပါမယ်” ဟု MH17 ဖြစ်ရပ်ဆိုးအတွင်း သေဆုံးသူများအတွက် ရည်ရွယ်သော ဖောင်ဒေးရှင်းမှ ဥက္ကဌဖြစ်သူ အီဗာ့တ်ဗန်ဇစ်ဂျ်ဗဲလ် က ပြောခဲ့သည်။

“ ကျနော်တို့ သစ်ပင်စိုက်ရတဲ့အကြောင်းရင်းဟာ အဲဒီ့ဖြစ်ရပ်ဆိုးကို ဘယ်တော့မှ မေ့ပျောက်ခြင်းမရှိဖို့နဲ့ ကျနော် တို့ ခုချိန်ထိ MH17 ပျက်ကျမှုအတွက် တရားမျှတမှုကို အလိုရှိတယ်ဆိုတာ သတိရနေစေဖို့ပဲဖြစ်ပါတယ်” ဟု အဆိုပါဖြစ်ရပ်တွင် သား၊သမီး၊ နှင့် ယောက္ခမဖြစ်သူတို့အား ဆုံးရှုံးခဲ့ရသူ ဗန်ဇစ်ဂျ်ဗဲလ်က ပြောခဲ့သည်။

နယ်သာလန်နိုင်ငံသား အများအပြား အပါအဝင် ခရီးသည် ၂၉၈ ဦးတင်ဆောင်လာခဲ့သော အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ထွက်ခွာလာသည့် မလေးရှားလေကြောင်းမှ ဘိုးအင်းရ၇၇ ခရီးသည်တင် လေယာဉ်သည် လွန်ခဲ့သော ၂၀၁၄ ဂျူလိုင် ၁၇ ရက်နေ့၌ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပစ်ချခံခဲ့ရသည်။

“ဒီသစ်ပင်ပေါင်း ၂၉၈ပင်ဟာ ၂၀၁၄ ဂျူလိုင် ၁၇ ရက်နေ့မှာ ကွယ်လွန်ခဲ့သော ခရီးသည်တစ်ဦးချင်းစီ အကြောင်းကို သတိရနေစေမှာပါ” ဟု အထိမ်းအမှတ်ပန်းခြံထဲတွင် သစ်ပင်တစ်ပင် လာရောက်စိုက်ပျိုးပေးခဲ့ သော နယ်သာလန် နိုင်ငံခြားရေးဝန်ကြီး ဘာ့တ်ကိုအန်ဒါက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly