ချန်ပီယံဖြစ်ရန် ချယ်လ်ဆီးအသင်း ရမှတ် ၂၁ မှတ်လိုအပ်ကြောင်း နည်းပြ ကွန်တီ ပြောကြား

ချန်ပီယံဖြစ်ရန် ချယ်လ်ဆီးအသင်း ရမှတ် ၂၁ မှတ်လိုအပ်ကြောင်း နည်းပြ ကွန်တီ ပြောကြား

မတ် ၁၉၊ အင်္ဂလန် ။            ။ စတုခ်စီးတီးအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက်တွင် ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီက ပရီးမီးယားလိဂ်ချန်ပီယံဆုကြီးကို ရယူနိုင်ရန် ရမှတ် ၂၁ မှတ်ရရှိရန် လိုအပ်ကြောင်း ပြောဆိုလိုက်သည်။

ချယ်လ်ဆီးအသင်းသည် စတုခ်စီးတီးကို အနိုင်ရခဲ့ခြင်းကြောင့် ဒုတိယနေရာမှ မန်စီးတီးကို လီဗာပူးလ်နှင့်မကစားမီ ရမှတ် ၁၃ မှတ် ဖြတ်ထားနိုင်သည်။ ယခုတစ်ပတ်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲစဉ်(၂၈)ဖြစ်သောကြောင့် ပြိုင်ပွဲပြီးဆုံးရန် ပွဲစဉ်(၁၀)ပွဲ သာ လိုအပ်တော့သည်။

'ရိုးရိုးသားသား ၀န်ခံရရင် စတုခ်စီးတီးကို အနိုင်ရခဲ့တာက တကယ်ကို အရေးပါ ပါတယ်။ ကျွန်တော်တို့ ၀က်စ်ဟမ်းနဲ့စတုခ်စီးတီး အဝေးကွင်းပွဲစဉ် ၂ ပွဲဆက်တိုက်ကစားခဲ့ပြီး ၂ ပွဲစလုံး အနိုင်ရခဲ့တာက ဒီရာသီအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။

ပြိုင်ပွဲပြီးဆုံးဖို့ ပွဲစဉ် ၁၀ ပွဲ ကျန်ပါသေးတယ်။ ချန်ပီယံဖြစ်ဖို့ သေချာလိုတယ်ဆိုရင် လက်ကျန် ၁၀ ပွဲမှာ  ရ ပွဲအနိုင်ရဖို့ လိုအပ်တယ်' ဟု ကွန်တီက ဆိုသည်။

စတုခ်စီးတီးကို အနိုင်ရခဲ့သည့်ပွဲတွင် အဓိက တိုက်စစ်ကစားသမား ဟက်ဇက်ကို အသုံးမပြုခဲ့ခြင်းမှာ လေ့ကျင့်ရေးကွင်း၌ ခြေသလုံးဒဏ်ရာရရှိခဲ့ခြင်းကြောင့်ဟု ကွန်တီက ရှင်းလင်းပြောကြားခဲ့သည်။

စတုခ်စီးတီးနှင့်ပွဲတွင် ချယ်လ်ဆီးအသင်းမှာ အနိုင်ရရန် ရုန်းကန်ခဲ့ရပြီး ပွဲပြီးခါနီးအထိ တစ်ဂိုးစီသရေကျနေခဲ့သော်လည်း ၈၇ မိနစ်တွင် ကာဟေးလ်က အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly