ဇူလိုင် ၂၈၊ လန်ဒန် ။ ။ ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုသည် ကွန်မြူနတီဖလားပြိုင်ပွဲ မတိုင်မီ ပြိုင်ဘက် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကို တိုက်ခိုက်မှု စတင်ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့်နှစ်များက အာဆင်နယ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်ရန် မဖြစ်နိုင်ခဲ့ကြောင်း အာစင်ဝင်းဂါးက ပြောဆိုခဲ့ဖူးရာ မော်ရင်ဟိုက ဝင်းဂါးအနေဖြင့် ချယ်လ်ဆီးအသင်းနှင့် အာဆင်နယ်အသင်းတို့ကို နှိုင်းယှဉ်ရာတွင် ဂဏာန်းပေါင်းစက် လိုအပ်နေပြီဟု ပြောဆိုလိုက်သည်။
ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့သည့် မော်ရင်ဟိုက အာစင်ဝင်းဂါး၏ ပြောဆိုမှုမှာ မမှန်ကန်ကြောင်း ပြောသည်။
'ပြီးခဲ့တဲ့ သုံးလေးနှစ်က ကလပ်အသင်းတွေရဲ့ အပြောင်းအရွှေ့အသုံးစရိတ်ကို လေ့လာကြည့်မယ်ဆိုရင် ထူးခြားမှုကို ရှာဖွေတွေ့ရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။
အာဆင်နယ်တို့ဝယ်ယူခဲ့တဲ့ အိုဇေးလ်၊ ဆန်းချက်ဇ်၊ ချမ်ဘာ၊ ဒီဘူချီတို့ရဲ့ ပြောင်းရွှေ့ကြေးတွေကို ပေါင်းကြည့်မယ်ဆိုရင် ထူးခြားမှုကို တွေ့နိုင်မယ်လို့ ထင်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ အမှန်တကယ်ကောင်းမွန်တဲ့ ဂိုးသမားကို ဝယ်ယူခဲ့ပါတယ်။ ဒီနေရာက အသင်းအတွက် အလွန်အရေးကြီးပါတယ်' ဟု မော်ရင်ဟိုက ပြောသည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ဖလားနှင့် ရှုံးထွက်လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပြီး အာဆင်နယ်အသင်းမှာ အက်ဖ်အေဖလားကို ၂ နှစ်ဆက် ရယူနိုင်ခဲ့သည်။ ချယ်လ်ဆီးအသင်း မှာ ယခုရာသီတွင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆက်လက် ရရှိလိ့မ်မည်ဟု ရေပန်းစားနေသော်လည်း မော်ရင်ဟိုက အသင်းငါးသင်း ယှဉ်ပြိုင်ရလိ့မ်မည်ဟု ပြောသည်။
'အာဆင်နယ်အသင်းဟာ ထိပ်တန်းဂိုးသမား၊ ကောင်းမွန်တဲ့ ကစားသမားတွေနဲ့ အသင်းကောင်းတစ်သင်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်ဖို့ အားလုံးထက်ပိုပြီး အဆင်သင့်ဖြစ်နေပါပြီ။
ဒီရာသီမှာ အသင်းငါးသင်းက ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ရပါလိ့မ်မယ်။ ကျွန်တော်တို့အသင်းအားလုံးဟာ ချန်ပီယံဖြစ်လာဖို့ မျှော်လင့်သင့်ပါတယ်။ ငါးသင်းမှာ တစ်သင်းက ချန်ပီယံဖြစ်ပြီး တစ်သင်းကတော့ ယူရိုပါလိဂ်ကစားရပါလိ့မ်မယ်။ ဒါက တကယ့်အမှန်တရားပါပဲ' ဟု မော်ရင်ဟိုက ပြောသည်။
Ref: Goal.com