NCA ပါ ကြားကာလ အစီအစဉ်များဆိုင်ရာကော်မတီ လုပ်ငန်းလမ်းညွန်ရေးဆွဲပြီးစီး

NCA ပါ ကြားကာလ အစီအစဉ်များဆိုင်ရာကော်မတီ လုပ်ငန်းလမ်းညွန်ရေးဆွဲပြီးစီး

မတ်လ ၁၈ ရက်၊၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္စျိမ) ။           ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) အကောင်အထည်ဖော်သွားရန် အတွက် ကြားကာလ အစီအစဉ်များဆိုင်ရာ ကော်မတီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မတ်လ ၁၇ ရက် ၊ ၁၈ ရက်များတွင် အစည်းအဝေး ကျင်းပ၍ လုပ်ငန်းလမ်းညွန်များကို ရေးဆွဲခဲ့သည်။

“ဒီကော်မတီကို ဘယ်လို ထိန်းကြောင်းမလဲဆိုတာ လုပ်ငန်းလမ်းညွန်ရေးဆွဲတာဖြစ်တယ်။ လုပ်ငန်းလမ်းညွန်ထဲမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရမဲ့ အနေအထားကို ရေးတာရှိတယ်။ တနည်းအားဖြင့် EAO အတွင်းမှာ ဆောင်ရွက်ရမဲ့ကိစ္စတွေကို ရေးတာရှိတယ်။ ဒီအစည်းအဝေးက လုပ်ငန်းလမ်းညွန်အဆုံးသပ်နိုင်ခဲ့ပါတယ်”ဟု ကြားကာလအစီအစဉ်များဆိုင်ရာကော်မတီ ခေါင်းဆောင် စောမြရာဇာလင်းက ပြောသည်။

“နည်းလမ်းဆိုတဲ့ထဲမှာ အခြေခံမူတွေပါတယ်။ ဘယ်ခေါင်းဆောင်တွေက ဘယ်လို တာဝန်တွေကို ယူသွားရမလဲဆိုတဲ့ ခေါင်းဆောင်တွေရဲ့ တာဝန်တွေကို ယူသွားမလဲဆိုတာတွေပါဝင်သလို၊ ပြည်သူတွေ အပေါ်မှာ လုပ်ရမဲ့ တာဝန်နဲ့ ဝတ္တရား တွေပေါ့လေ။ ကော်မတီရဲ့ လုပ်ငန်းတာဝန်ကို ရေးကြတာ ဖြစ်တယ်။ ပြီးလို့ ရှိရင် ပြည်သူတွေနဲ့ အလုပ်လုပ်တဲ့အခါမှာ ပွင့်လင်းမြင်သာမှု ရှိပြီးတော့မှ အားလုံး ပါဝင်နိုင်တဲ့ ဆက်စပ်ဆောင်ရွက်နိုင်တဲ အနေအထားတစ်ခုကို ဖန်းတီးသွားမယ်ဆိုပြီးတော့မှ အကောင်းဆုံး စဉ်းစားပြီးတော့ ရေးဆွဲထားတာ ဖြစ်ပါတယ်။ လောလောဆယ်တော့ ရန်ပုံငွေရရှိဖို့ ကြိုးစားရဦးမှာပါ”ဟု သူက ဆက်ပြောသည်။

၄င်းကော်မတီမှ ရေးဆွဲထားသော လုပ်ငန်းလမ်းညွန်ကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ဆက်လက် တင်ပြသွားပြီ ဖြစ်သည်။

အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးပြီးနောက် တစ်နှစ်ကျော်ကြာပြီဖြစ်သော်လည်း ပြည်သူလူထုအတွက် မည်သည့်အလုပ်များ မလုပ်ဆောင်နိုင်သေးမှုအပေါ် စိတ်ပူပန်သဖြင့် ယခုကဲ့သို့ ကော်မတီဖွဲ့၍ စတင်အကောင်အထည် ဖော်ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“၂၀၁၇ ကို ရောက်နေပြီ။ ဒါပေမဲ့ ပြည်သူတွေအတွက် ဘာမှ မလုပ်နိုင်သေးဘူး။ အဲဒါ ကျမ အရမ်းစိတ်ပူတယ်။ အဲဒါကြောင့်မလို အရေးကြီးနေပြီဆိုတာကို ကျမတို့ဘက်က ယူဆတာပေါ့လေ။ အစိုးရဘက်ကလည်း ပူသင့်တယ်။ ကျမတို့ ဦးတည်တာက ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို ဦးတည်တဲ့ လုပ်ဆောင်မှုတွေကို ထိထိရောက်ရောက်လုပ်သွားချင်တယ်၊ အစိုးရနဲ့ ကျမတို့ ပူးပေါင်း ဆောင်ရွက်မှုကြားမှာ ဒီကော်မတီရဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ရခြင်းအားဖြင့် ယုံကြည်မှု တည်ဆောက်တယ်ဆိုတာ ပိုမိုမြင့်မားလာဖို့ ဖြစ်တယ်။ အဲဒါကို အစိုးရကတော့ သေချာစဉ်းစားသင့်တယ်”ဟု သူက ဆက်ပြောသည်။

ကြားကာလအစီအစဉ်များဆိုင်ရာကော်မတီတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဗဟိုအလုပ်အမှုဆောင် စောမြရာဇာလင်းက ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီး အဖွဲ့ဝင်များအဖြစ် ခွန်မြင့်ထွန်း၊ ဦးဆန်နီ၊ ဆလိုင်းထလာဟေး၊ စိုင်းလန်တိုင်း၊ စောစိန်ဝင်း၊ စောကျော်ညွန့်နှင့် ပဒိုစောတာဒိုမူးတို့ ပါဝင်သည်။

မတ်လ ၄ ရက်မှ ၆ ရက်နေ့ထိ သုံးရက်ကြာ ပြုလုပ်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးမှ NCA ကို အရှိန်တိုးမြှင့်လုပ်ဆောင်သွားရန်နှင့် ၄င်းကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

NCA လက်မှတ်ရေးထိုးပြီးနောက် တစ်နှစ်အတွင်း ဆက်လက် အကောင်အထည်သွားရမည် ဖြစ်သော်လည်း ယခုထိ အကောင်အထည်ဖော်ရန် ကျန်နေသေးသော NCA ပါ အခန်း ၆ ပုဒ်မ ၂၅ တွင် ပြဌာန်းချက်များကို အစိုးရနှင့် ဆက်လက် ညှိနှိုင်း၍ အကောင်အထည်ဖော်ရန် တစ်ဖွဲ့လျှင် တစ်ဦးဆီ ၈ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

NCA အခန်း ၆ ပုဒ်မ ၂၅ ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များတွင် NCAလက်မှတ်ထိုးကြသော အဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပနေစဉ်ကာလအတွင်း မိမိတို့နှင့် သက်ဆိုင်သည့် အပစ်ရပ် နယ်မြေများတွင် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အခြေခံဖွံ့ဖြိုးတိုးတက်ရေး၊ သဘောဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေး၊ ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ဖွ့ံဖြိုးရေးနှင့် စွမး်ရည်မြှင့်တင်ရေးအတွက် ပြည်တွင်း ပြည်ပအလှူရှင်များ၏ အကူအညီရယူခြင်း ကိစ္စရပ်များ ပါဝင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags