ဆီမီးမျှောယဉ်ကျေးမှုထူးခြား မြန်အောင်မြို့ကို သွားကြမလား ( အပိုင်း ၂ )

18 March 2017
ဆီမီးမျှောယဉ်ကျေးမှုထူးခြား မြန်အောင်မြို့ကို သွားကြမလား ( အပိုင်း ၂ )

အခု ကျွန်တော်ရောက်ရှိနေတာကတော့ မြန်အောင်မြို့ရဲ့ ဆုတောင်းပြည့် လှေဆိပ်ကို ရောက်ရှိနေတာဖြစ်ပါတယ်။

ဒီ ဆုတောင်းပြည့်လှေဆိပ်မှာ ဟိုဘက် ပဲခူးတိုင်း မိုးညိုမြို့နယ်က စျေးသည်တွေ ကုန်သည်တွေ ဘုရားဖူးဧည့်သည်တွေ ရပ်ဝေးရပ်နီးဧည့်သည်တွေက ဟိုဘက်ကနေပြီးတော့ လှေတွေ မော်တော်တွေ မျိုးစုံနဲ့ လာကြတယ်။

မြန်အောင်မြို့ရဲ့ မြစ်ကမ်းပါး နံရံတွေမှာ ကျောက်ပြားတွေ ကပ်ထားတာကိုလည်း တွေ့နေရပါတယ်။ ဒါဟာ မြန်အောင်မြို့ရဲ့ ထူးခြားချက်ပါပဲခင်ဗျာ။ ဒေသခံတွေပြောသလောက်တော့ ဒီလို ဧရာဝတီမြစ်နံဘေး မြို့တွေရဲ့ နံရံတွေမှာ ဒီလိုကျောက်ပြားကပ်ထားတာက မြန်အောင်မြို့ တစ်မြို့တည်းရှိတယ်လို့ သိရပါတယ်ခင်ဗျာ။

နောက်ပြီး မြန်အောင်မြို့ဟာ မိုးတွင်းဆိုရင် ဧရာဝတီမြစ်ရေ ဝင်တာကြောင့် ရေကြီးလေ့ရှိပါတယ်။ ဒါကြောင့် အင်္ဂလိပ်လက်ထက်မှာ မြို့ထဲကို ရေမဝင်အောင် တားထားတဲ့ ရေကာတာဟောင်းကြီးတစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး မြိုံ့ခံစာရေးဆရာ ချစ်ကောင်းလတ်က အခုလို ရှင်းပြပါတယ်။

ချစ်ကောင်းလတ် (ခ) ဦးဌေးအောင်

စာရေးဆရာ

ဒါက အင်္ဂလိပ်အစိုးရလက်ထက်ကြမှ ၁၂၂၄ မှာ မြန်မာလိုပေါ့နော် ခရစ်နှစ်ဆိုရင်တော့ ၁၈၆၁ လောက်ပေါ့ အဲဒီလောက်မှာ တည်ဆောက်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ဧရာဝတီမြစ်ရေဟာ မိုးတွင်းဆိုလို့ရှိရင် မြစ်ရေတက်လာတဲ့အခါကျတော့ ဒီဒေသတွေအကုန်လုံးက မြစ်ရေအောက်ကို ရောက်သွားတာကို။ ရောက်သွားတော့ အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးကိုအခြေခံပြီးတော့ စီးပွားရှာချင်တာလည်း ပါတယ်လေ။ အဲတော့ ဒီ တာတမံလုပ်လိုက်ခြင်းအားဖြင့် ခါတိုင်း ရေဝင်တဲ့နေရာတွေက ရေမဝင်တော့ဘူးပေါ့။ လယ်လုပ်တယ်ဆိုတာကလည်း မိုးရေကို အမှီပြုပြီးတော့ စိုက်ရတဲ့လယ်တွေဆိုတော့ မိုးတွင်းမှာ ဆန်စပါးလုပ်ငန်းကို ကောင်းကောင်းလုပ်လို့ရတယ်ပေ့ါ။ ကျွန်တော်ရဲ့ အဖေရဲ့အဖွားပေါ့နော် သူတို့က ဒီတာကြီးဖို့တဲ့အချိန်မှာ အလုပ်လုပ်တဲ့အချိန်မှာ လိုက်လုပ်ပေးခဲ့ရတယ်။ ဒါပေမယ့် အခကြေးငွေနဲ့ ရသလားမရသလားဆိုတာကတော့ ကိုယ်က ငယ်တဲ့အရွယ်ဆိုတော့ မမေးမိလိုက်ဘူးပေါ့။ သူတို့ လိုက်လုပ်ရတယ်ဆိုတာတော့ သိတယ်။

တူးမြောင်းဖောက်တာက ၁၈၆၉ ခုနှစ်မှာ ဖောက်သွားတာ။ ဒီမှာက ဖောက်တဲ့အချိန်မှာ ၁၈၆၂ ဆိုတော့ တူးမြောင်းလည်းပေါက်လည်းပေါက်ရော မြန်မာနိုင်ငံက ထွက်တဲ့ ဆန်စပါးတွေကို နိုင်ငံခြားကို သယ်ရတဲ့အခါကျတော့ တော်တော်လွယ်ကူသွားတာပေါ့။ ဒီ အာဖရိကတိုက်ကြီးကို ပတ်စရာမလိုတော့ဘူး။ ပင်လယ်ထဲကဝင်မယ် စူးအက်တူးမြောင်းကနေဖြတ်မယ် မြေထဲပင်လယ်ထဲကနေပြီးတော့ ဥရောပကကို မြန်မြန်ရောက်သွားတာပေါ့။ ဒါကြောင့်မိုလို့ ဒီတာကြီးက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းအတွက် အဓိကထားပြီးတော့ ဖောက်ခဲ့တဲ့တာဖြစ်ပါတယ်။

မဇ္ဈိမ

ကျွန်တော်တို့ စက်လှေသွားရာ မြစ်အထက်ကို ဆန်တက်ပြီး လေးနာရီလောက် ဆက်မောင်းသွားမယ်ဆိုရင်တော့ ထုံးဖိုမြို့ အကောက်တောင် စေတီဘုရားတွေဆီကို ရောက်နိုင်ပါတယ်။ မြန်မာလူမျိုးတို့ရဲ့ ထုံးစံအတိုင်း ရောက်ရာအရပ်ဒေသတိုင်းမှာ ဘုရားစေတီများ ကိုးကွယ်လေ့ရှိတဲ့အတိုင်းပါပဲ မြန်အောင်မြို့မှာလည်း သမိုင်းဝင်စေတီတွေ ဘုရားရုပ်ပွားတော်တွေ အများကြီးရှိပါတယ်။ မြန်အောင်မြို့ရဲ့ ရွှေဘုံသာအလယ်ကြီးမှာလည်း သမိုင်းဝင်ရုပ်ပွားတော်ဘုးရား တစ်ဆူရှိပါတယ်လို့ မြန်အောင်သား စာရေးဆရာ ဆရာချစ်ကောင်းလတ် ပြောပြတာနဲ့ပဲ ကျွန်တော်လည်း ဖူးချင်တာနဲ့ ဆရာနဲ့အတူ စေတီတော်ရှိရာကို သွားခဲ့ကြပါသေးတယ်။

ချစ်ကောင်းလတ် (ခ) ဦးဌေးအောင်

စာရေးဆရာ

ဒီဘုရားစေတီတော်ကြီးက မံနဲ့ဓါတ်သား နှစ်စပ်ဘုရားပေါ့နော်။ အရောင်းမင်းတရားကြီး စစ်ချီလာတဲ့အခါ ဖောင်တော်ဦးမှာ တင်ပြီးတော့ ကိုးကွယ်လာတဲ့ အစီအရင်ဘုရားလို့ ယူဆစရာရှိတယ်။ ဘာဖြစ်လို့လဲဆိုောတ့ ဒီ ဒူးတော်တွေမှာ ကိန်းဂဏန်း အမှတ်အသားတွေရှိတယ်။ အခုက ရွှေချထားတာဆိုတော့ မပေါ်တော့ဘူး။ ဘုရားကြီးက အပေါ်ပိုင်းက မံသားပေါ့။

မဇ္ဈိမ

ဆရာ မံသားဆိုတာ ဘာကိုပြောတာလဲ။

ချစ်ကောင်းလတ် (ခ) ဦးဌေးအောင်

စာရေးဆရာ

မံဆိုတာကတော့ ဘုရားထုတဲ့အခါမှာ ထွက်လာတဲ့ သစ်စလိုဟာမျိုးပေါ့ နောက်ပြီးတော့ သင်္ကန်းစလိုဟာမျိုး နောက် ပေစာ ပုရပိုက်စာတွေရဲ့ အဟောင်း အဆွေ့အမြေ့တွေပေါ့နော် အဲဒါတွေကို ပြာချပြီးတော့ သစ်ဆေးနဲ့ သရိုးနယ်ရတာပေါ။ ပြီးတော့မှ သူက ရွံ့ပုံပေါ်မှာ အဝတ်ခံမယ် အဲဒီအပေါ်မှာမှ သစ်ဆေးရည်နဲ့ ပုံဖော်ပြီးတော့ လုပ်တဲ့သဘောပေါ့။

မဇ္ဈိမ

ဘုရားရဲ့ ရင်ပြင်တော်ပေါ်မှာ သာယာဝတီမင်းလက်ထက် မဟာမင်းလှ မင်းထင်သီဟသူ လှူဒါန်းခဲ့တဲ့ အသံသာတဲ့ ခေါင်းလောင်းတစ်လုံးကိုလည်း တွေ့ရပါသေးတယ်။ ခေါင်းလောင်းတစ်လုံး အသံသာဖို့ဆိုရင် ခေါင်းလောင်းသွန်းလုပ်စဉ်က ထည့်ခဲ့ရတဲ့ ရွှေ၊ ငွေ၊ ကြေး စတဲ့ သတ္တုအချိုးအစား ညီမျှဖို့က အဓိကကျပါတယ်။ ဒီခေါင်းလောင်းရဲ့အသံက တကယ့်ကို သာယာပါတယ်ခင်ဗျာ။

ရှေ့မှာ ဒေသခံတွေအခေါ် စိန်တိုင်ကျွန်းလို့ခေါ်တဲ့ ကျွန်းကလေးဆီကို ရောက်လာခဲ့ပါတယ်။ အဲဒီကျွန်းမှာက ဒေသခံတွေက ကျွန်းလုပ်ကြတယ်။ ကိုင်းလုပ်တယ်။ ပဲနီတို့ဘာတို့ စိုက်ကြတယ်လို့ ပြောပါတယ်။ ဒီကျွန်းလေးဟာ ဧက ၁၀၀ ရှိတယ်လို့လည်း သိရပါတယ်။ ကျွန်းပေါ်မှာနေထိုင်ကြတဲ့ မိသားစုတွေနဲ့ တွေ့ပြီးတော့လည်း စကားပြောခဲ့ပါသေးတယ်။ ကျွန်တော်လည်း သောင်ပေါ်မှာနေထိုင်တဲ့ မိသားစုတွေရဲ့ ဧည့်ခံတဲ့လက်ဖက်ရည်ကို သောက်ပြီးတော့ စကားတွေ အများကြီး ပြောဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတော့ ကျွန်တော်လညး် သူတို့နဲ့ စကားတွေ ဆက်ပြောချင်ပေမယ့် သူတို့ကို လက်ပြနှုတ်ဆက်ပြီး ပြန်လာခဲ့ရပါတယ်။ ဒီတစ်ပတ် ရသများနဲ့ခရီးစဉ်ဟာ မြန်အောင်မြို့ရဲ့ ထူးခြားတဲ့ သီတင်းကျွတ် မီးမျောပူးဇော်ပွဲ သမိုင်းဝင်တဲ့ ဆင်းတုတော်တွေ မြန်အောင်မြို့အနီး သောင်ပြန်ကြီးမှာ နေထိုင်ကြတဲ့ မိသားစုဘဝတွေကို ရှာဖွေတင်ဆက်ပေးလိုက်တာပါ။

အခု မြန်အောင်ခရီးစဉ်ကိုတော့ မြန်အောင်မြေသို့ဆိုတဲ့ ဆရာတင်မိုးရဲ့ ကဗျာလေးနဲ့ပဲ နှုတ်ဆက်လိုက်ရပါတယ်ခင်ဗျာ။

"မြန်အောင်မြေသို့"

ငှက်ပျောလို မနောချိုတဲ့

ဟောဟိုက မြန်အောင်

မြစ်နဒီ ဧရာလမ်းမှာ

မဗေဒါ စုန်ဆန်မြန်းနေကျ

ကမ်းစငွေသောင်။

လိုက်ခဲ့ပါမောင်

ခေါ်ယောင်ရော့သလား၊

အောက်မြို့ ရွာပြေနဲ့

အညာမြေ စုန်ဆန်သွား

သည်ဆိပ်မှာနား။

မဗေဒါ ဘယ်မောနိုင်ဘု

လယ်တောက မြရောင်။

ရွှေမဲ ရေနံနဲ့

နိုင်ငံမှာ ဂုဏ်သတင်း

သင်းတဲ့ မြန်အောင်၊

လာခဲ့နော်မောင်

မျော်ယောင်လို့ငေး၊

ရွှေလ သာသာ၌

ကမ်းပြာမှာ လွှမ်းစာဖွဲ့ပါ...တဲ့

မဗေဒါ လည်တံညိတ်လို့

ဖိတ်ခဲ့တယ်လေး။

 တင်မိုး။

အပိုင်း (၁)ကို အောက်ပါလင့်တွင် ဖတ်ရှု့နိုင်ပါသည် ။ http://www.mizzimaburmese.com/article/24196

Mizzima Weekly