မြောက်ကိုရီးယား၏ မိုက်မဲရူးနှမ်းသည့် လုပ်ရပ်များကို တရုတ်တို့ ၀င်ထိန်းပေးခဲ့ခြင်းမရှိဟု ဒေါ်နယ်ထရမ့် ပြစ်တင်ပြောကြား

မြောက်ကိုရီးယား၏ မိုက်မဲရူးနှမ်းသည့် လုပ်ရပ်များကို တရုတ်တို့ ၀င်ထိန်းပေးခဲ့ခြင်းမရှိဟု ဒေါ်နယ်ထရမ့် ပြစ်တင်ပြောကြား

မတ် ၁၈ ။         ။ လက်ရှိအခြေအနေတွင် မြောက်ကိုရီးယားအာဏာပိုင်များအနေဖြင့် မိုက်မိုက်မဲမဲ လုပ်ဆောင်ပြုမူနေလျက်ရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြင်းထန်စွာ ပြစ်တင်ပြောကြားလိုက်သည်။ တစ်ဆက်တည်းတွင်လည်း တရုတ်တို့အနေဖြင့် မြောက်ကိုရီးယားတို့ကို ကောင်းစွာ ထိန်းသိမ်းဟန့်တားပေးခဲ့ခြင်းမရှိကြောင်း ထရမ့်က ပြစ်တင်သွားခဲ့သည်။

" မြောက်ကိုရီးယားတို့ ခု တော်တော်လေးကို မိုက်မိုက်မဲမဲနဲ့ကို လုပ်ဆောင်နေပါတယ်၊ သူတို့ ကျွန်တော်တို့ အမေရိကန်ကိုလည်း ပြီးခဲ့တဲ့ နှစ်တွေကတည်းက ကျီစယ်သလို ပမာမခန့် လာလာလုပ်နေခဲ့ပါတယ်၊ ဒီချိန်မှာ တရုတ်ကလည်း သူတို့ကို ကောင်းကောင်း ၀င်ထိန်းခဲ့တာမျိုးလည်း မရှိခဲ့ဘူး၊ အဖြစ်သဘောလောက်ပဲ ထိန်းပေးသယောင်ယောာင်လုပ်ခဲ့တယ်" ဆိုပြီး ထရမ့်က တွစ်တာမှတဆင့် ပြစ်တင်ပြောကြားသွားခဲ့သည်။

ဒေါ်နယ်ထရမ့်အနေဖြင့် ယခင်ကာလများကတည်းက မြောက်ကိုရီးယားနှင့် တရုတ်တို့အပေါ် တိုက်ခိုက်ပြစ်တင်မှုများ လုပ်ဆောင်ထားခဲ့သည်။

ဆိုးလ်မြို့ရောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်ကလည်း ယခုလက်ရှိအချိန်တွင် မြောက်ကိုရီးယားတို့နှင့်ပတ်သက်၍ သည်းခံနိုင်စွမ်း ကုန်သွားပြီ ဖြစ်ပြီး စစ်ရေးနည်းဖြင့် ဖြေရှင်းသွားရနိုင်ကြောင်း ပြောကြားလိုက်ပြီးနောက် ယခုကဲ့သို့ သမ္မတ ထရမ့်ကပါ ပြစ်တင်သွားခဲ့ခြင်း ဖြစ်သည်။

" မြောက်ကိုရီးယားနဲ့ပတ်သက်လို့ မဟာဗျူဟာကျ စိတ်ရှည်သည်းခံပေးနေတဲ့ မူဝါဒက ခေတ်ကုန်သွားပါပြီ၊ ဒါကြောင့် တခြား သံတမန်ပိုင်း၊ လုံခြံုရေး၊ စီးပွားရေး လုပ်ဆောင်ချက်တွေ ပါ၀င်မယ့် နည်းလမ်းတစ်ရပ်နဲ့ ပြောင်းပြီး လုပ်ရပါတော့မယ်" ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

အလားတူ တောင်ကိုရီးယားတွင် ယင်းတို့၏ ဒုံးခွင်းဒုံးစနစ် ဖြန့်ကျက်ထားမှုအပေါ် ကန့်ကွက်နေသော တရုတ်တို့ကိုလည်း တီလာဆန်က ပြစ်တင်ပြောကြားမှုများ ပြုလုပ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly