ကင်ဂျုံးနမ်လုပ်ကြံမှုက မြောက်ကိုရီးယားနိုင်ငံသားလေးဦးကို ဖမ်းပေးဖို့ အင်တာပိုကို မလေးရှား အကူအညီတောင်း

ကင်ဂျုံးနမ်လုပ်ကြံမှုက မြောက်ကိုရီးယားနိုင်ငံသားလေးဦးကို ဖမ်းပေးဖို့ အင်တာပိုကို မလေးရှား အကူအညီတောင်း

ကွာလာလမ်ပူ၊ မတ် ၁၆ ။           ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ရဲ့ ဖအေတူမအေကွဲ အစ်ကိုဖြစ်သူ ကင်ဂျုံးနမ်ကို ကွာလာလမ်ပူမှာ လုပ်ကြံမှုနဲ့ သံသယရှိတဲ့   မြောက်ကိုရီးယားနိုင်ငံသား   လေးဦးကို ဖမ်းဆီးပေးရန်အတွက် အင်တာပိုကို အကူအညီတောင်းထားကြောင်း မလေးရှားက မတ် ၁၆ ရက်မှာ ကြေညာပါတယ်။

နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုအနေနဲ့လည်း အစောပိုင်းက ကင်ဂျုံးနမ် လုပ်ကြံမှုနဲ့ ပတ်သက်ပြီး ပြစ်မှုကျုးလွန်သူများကို နိုင်ငံတကာဖမ်းဆီးမိန့် ထုတ်ထားခဲ့တာလည်းဖြစ်ပါတယ်။

“အင်တာပိုကနေ ဒီတရားခံဖြစ်သူတွေကို ဖမ်းဆီးရမိဖို့ ကျွန်တော်တို့ မျှော်လင့်တယ်။”လို့ မလေးရှား ရဲထောက်လှမ်းရေးချုပ် ခါလစ်အဘူဘာကာက ပြောကြောင်း ချန်နယ်နယူးအေရှက ဖော်ပြပါတယ်။

သံသယရှိ တရားခံ မြောက်ကိုရီးယားနိုင်ငံသား လေးဦးဟာ ပြစ်မှုကျုးလွန်ပြီး ထွက်ပြေးကာ ပြံုယမ်းမှာ ပုန်းအောင်းနေမယ်လို့ မလေးရှားအာဏာပိုင်တွေက ယူဆထားပါတယ်။

ကင်ဂျုံးနမ်ဟာ ဖေဖော်ဝါရီ ၁၃ ရက်က ကွာလာလမ်ပူလေဆိပ်မှာ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား အမျိုးသမီးနှစ်ဦးက VX ဓာတုအဆိပ်ဓာတ်နဲ့ လုပ်ကြံခဲ့တာဖြစ်ပါတယ်။ ဒီဓာတုအဆိပ်နဲ့ ကင်ဂျုံးနမ်ရဲ့ မျက်နှာကို ဖျန်းပက်သွားတာဖြစ်ပြီး နာရီဝက်အတွင်းမှာပဲ ကင်ဂျုံးနမ် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံသား လေးဦးဟာ ဒီလိုဓာတုအဆိပ်နဲ့ ပက်ဖျန်းဖို့ ထိုအမျိုးသမီးနှစ်ဦးကို ငှားရမ်းခဲ့တာဖြစ်ပြီး ဒီအဆိပ်ကို မလေးရှားနိုင်ငံအတွင်းရောက်အောင် တင်သွင်းခဲ့တာ ဒါမှမဟုတ် ထုတ်လုပ်ခဲ့တာတွေနဲ့ သံသယရှိနေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကင်ဂျုံးနမ်ရဲ့ ရုပ်အလောင်းကို ဒီအိုင်အေစစ်ဆေးပြီးသွားပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာ ဆေးရည်စိမ်ထားရှိကာ မိသားစုတွေ လာရောက်ထုတ်ယူမလားဆိုကာ   စောင့်လျက်ရှိကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly