KNU ၁၆ ကြိမ် ညီလာခံ သုံးရက်နေ့ထိ လုပ်ငန်းအစီရင်ခံစာများအပေါ် ဆွေးနွေး သုံးသပ်

KNU ၁၆ ကြိမ် ညီလာခံ သုံးရက်နေ့ထိ လုပ်ငန်းအစီရင်ခံစာများအပေါ် ဆွေးနွေး သုံးသပ်

ချင်းမိုင်၊မတ်လ ၁၆ ။          ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ၁၆ ကြိမ်မြောက် ညီလာခံကို ယနေ့ သုံးရက်မြောက်နေ့အထိ ၄ နှစ်သာကလအတွင်း လုပ်ငန်းအစီရင်ခံစာများကို တင်သွင်းခြင်း သုံးသပ်ဆွေးနွေးခြင်းများ ပြုလုပ်လျက်ရှိသည်။

KNU ဌာနချုပ် လောခီးလာတွင် မတ်လ ၁၄ ရက်မှ ၁၆ ရက်နေ့ထိ သုံးရက် အစည်းအဝေးတွင် လေးနှစ်တာကာလအတွင်း ဌာနဆိုင်ရာ အသီးသီးမှ လုပ်ငန်းအစီရင်ခံစာများ တင်သွင်းခြင်း၊ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု KNU အထွေထွေအတွင်းရေးမှူး (၁) ပဒိုစောအယ်ဘယ်တွဲ့က ပြောသည်။

လေးနှစ်ကာလအတွင်း အောင်မြင်မှုတစ်ခုအနေဖြင့် အစိုးရနှင့် KNU အကြာ အပစ်အခတ် ရပ်စဲနိုင်ခဲ့မှုသည် ရလဒ်တစ်ခုဖြစ်ပြီး လက်မှတ်ရေးထိုးပြီးနောက် စိန်ခေါ်မှုများလည်း ရှိနေမှုများကို တင်ပြဆွေးနွေးခဲ့သည်ဟု သူက မဇ္စျိမကို ပြောသည်။

“လေးနှစ်တာရဲ့ကာလမာှ ဆောင်ရွက်ခဲ့သမျှ ဌာနလုပ်ငန်းတွေက အောင်မြင်မှု၊ အကောင်အထည်မဖော်နိုင်တာတွေတော့ ရှိတာပေါ့နော်။ အကောင်းဆုံး ရလဒ် သတ်သတ်မှတ်မှတ်တော့ မရှိဘူး။ ဒါပေမယ့် လက်မှတ်ထိုးနိုင်တဲ့အတွက် ကျွန်တော််တို့ တစုံတရာ အောင်မြင်မှု ရရှိိသလို၊ လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်းမှာ စိန်ခေါ်မှုတွေကလည်း ရှိနေတယ်။ စိန်ခေါ်မှုဆိုတာက လက်မှတ်ထိုးပြီးတော့ စစ်ရေးတိုက်ခိုက်မှု မရှိလာသော်လည်းဘဲ ကျွန်တော်တို့ အုပ်ချုပ်မှုအရ ပညာရေး၊ လူမှုရေး ဖွ့ံဖြိုးတိုးတက်မှု ခေါင်းစဉ်အောက်မှာသွားနေတာတွေကတော့ တချို့က စိန်ခေါ်မှုတွေပေါ့နော်”ဟု သူက ပြောသည်။

ထိုညီလာခံတွင် KNU ၏ ခရိုင် ရ ခုမှ တရားဝင် တက်ရောက်လာသော ကိုယ်စားလှယ်အဖြစ် ၂၂၀ ဦး တက်ရောက်ခဲ့ပြီး လေ့လာသူများ ၁၀၀ ကျော်တက်ရောက်ခဲ့ကာ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ဆွေးနွေးနေသည်ဟု သူက ပြောသည်။

သုံးပတ်သာ ကျင်းပမည့် ညီလာခံတွင် KNU ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နည်းဥပဒေများကို ပြန်လည် ပြင်ဆင် ဖြည့်စွက်ခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း သူက ဆိုသည်။

“ကျနော်တို့ ၄ နှစ်တာကာလ လုပ်ငန်းအစီရင်ခံစာကို ပြန်လည် ဆန်းစစ်တယ်။ ဖြည့်စွက်တယ်။ သုံးသတ်မယ်။ ပြီးတော့ နိုင်ငံရေး အစီအရင်ခံစာတွေ တင်ပြ ဖြည့်စွက်မယ်။ အဖွဲ့အစည်းအတွင်းမှာ ရှေ့ဆက် နိုင်ငံရေးဆွေးနွေးနေမှုအပေါ်မှာ ဖွဲ့စည်းနိုင်ဖို့အပေါ် ဘယ်လို ရေးဆွဲမလဲ။ အခြေခံ လုပ်ငန်းစဉ်၊ လက်နက်ကိုင် ပဋိပက္ခတွေ ချမှတ်ခဲ့တဲ့ လုပ်ငန်းစဉ်တွေ အခု ဘယ်လို ဥပဒေတွေ ချမှတ်မယ်ဆိုတာ ချေချေလည်လည် ဆွေးနွေးကြရမှာပေါ့နော်”ဟု သူက ပြောသည်။

မနက်ဖြန် ညီလာခံ ၄ရက်မြောက်နေ့ ၊မတ်လ ၁၇ ရက်နေ့တွင် ဗဟိုကော်မတီ၏ နိုင်ငံရေးအစီရင်ခံစာများ ဆက်လက် တင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။

၄င်းညီလာခံကို ရက်သတ္တပတ် သုံးပတ်ကြာ ပြုလုပ်မည် ဖြစ်ပြီး KNU ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၁ ဦးနှင့် ဗဟိုအမြဲတမ်းကော်မတီ ၄၅ ဦးတို့ကို ရွေးချယ်သွားမည် ဖြစ်သည်။

KNU သည် ယခင်အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလက တခြားလက််နက်ကိုင်အဖွဲ့အစည်း ရဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags