ဘရာဇီးတွင် အစိုးရ၏ ပြုပြင်ပြောင်းလဲမှုကို မကျေနပ်၍ ဆန္ဒပြသူများက ၀န်ကြီးဌာနအဆောက်အအုံကို သိမ်းပိုက်

ဘရာဇီးတွင် အစိုးရ၏ ပြုပြင်ပြောင်းလဲမှုကို မကျေနပ်၍ ဆန္ဒပြသူများက ၀န်ကြီးဌာနအဆောက်အအုံကို သိမ်းပိုက်

မတ် ၁၆ ။               ။ သမ္မတ မိုက်ကယ်တီမာ ဦးဆောင်သော အစိုးရအဖွဲ့အပေါ် ဆန့်ကျင်ဆန္ဒပြပွဲများ ပေါ်ပေါက်နေခဲ့သော ဘရာဇီးတွင် မတ်လ ၁၅ ရက်က ရာနှင့်ချီသော တက်ကြွလှုပ်ရှားသူများက မြို့တော်ရှိ ဘဏ္ဍာရေးဝန်ကြီးဌာနရုံးကို ၀င်ရောက်စီးနင်းသိမ်းပိုက်ရန် ကြိုးပမ်းခဲ့ကြသည်။

အစိုးရ၏ အငြိမ်းစားယူမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမည့်အစီအစဉ်အပေါ် ကျေနပ်မှုမရှိသော ဆန္ဒပြသူများက အဆိုပါ ၀န်ကြီးဌာနအဆောက်အအုံသို့ အဓိက ၀င်ပေါက်လမ်းကို ပိတ်ဆို့ထားခဲ့ကြပြီး အဆောက်အဦး ပထမထပ်ကို အပိုင်စီးထားခဲ့ကြသည်။

ဆန္ဒပြသူဦးရေ ၅၀၀ ခန့် ရှိမည်ဟု ရဲဘက်က တွက်ချက်ခန့်မှန်းခဲ့သော်လည်း ဆန္ဒပြသူဦးရေ အနည်းဆုံး ၁,၅၀၀ ခန့် ပါ၀င်ခဲ့သည်ဟု ပွဲစီစဉ်သူများက ပြောသည်။

ဆန္ဒပြသူများ ၀န်ကြီးဌာနသို့ စီးနင်းရန် ကြိုးပမ်းစဉ် ကနဦးပိုင်းက လုံခြံုရေးအစောင့်များက ခုခံတားဆီးရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ သို့ရာတွင် ယင်းဆန္ဒပြမှုများ နောက်ပိုင်းတွင် အရှိန်ပြန်သတ်သွားခဲ့ပြီး ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြနေခဲ့ကြသည်ဟုလည်း သိရသည်။

လက်ရှိ သမ္မတ မိုက်ကယ်တီမာက ပြီးခဲ့သည့် ဒီဇင်ဘာလကမှ အငြင်းပွားဖွယ်ရာ ပင်စင်ယူမှု စနစ်ပြုပြင်ပြောင်းလဲမှုကို တင်ပြလုပ်ဆောင်လာခဲ့ရာတွင် နိုင်ငံတွင် အမျိုးသား၊ အမျိုးသမီး ၀န်ထမ်းလုပ်သားများ အနိမ့်ဆုံး အသက် ၆၅ နှစ်ပြည့်မှသာ ပင်စင်အခွင့်အရေးများ ရရှိနိုင်မည့် အစီအစဉ်အပေါ် ကန့်ကွက်မှုများ ပေါ်ပေါက်လာနေခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags