ဆေးတက္ကသိုလ် မန္တလေးကျောင်းသားများသမဂ္ဂမှ ကြေညာချက်ထုတ်ပြန်

ဆေးတက္ကသိုလ် မန္တလေးကျောင်းသားများသမဂ္ဂမှ ကြေညာချက်ထုတ်ပြန်

မန္တလေး၊မတ် ၁၆ ။             ။ ရန်ကုန်မြို့တွင် မတ်လ ၁၅ရက်က သူနာပြုလိုင်စင်ထုတ်ပေးသည့် ကိစ္စနှင့်ပတ်သက်၍ သူနာပြုတက္ကသိုလ်မှကျောင်းသား၊ကျောင်းသူများ ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့မှုကို   ဆေးတက္ကသိုလ် မန္တလေး ကျောင်းသားများသမဂ္ဂက သဘောထားကြေညာချက်တစ်စောင်ကို မတ်လ ၁၆ ရက်၊ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်ဟု ဆေးတက္ကသိုလ် မန္တလေးကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုဟိန်းဝင့်ဝါက မဇ္ဈိမကိုပြောသည်။

ထိုသို့ထုတ်ပြန်ခြင်းမှာ သူနာပြုတက္ကသိုလ်မှကျောင်းသူ၊ ကျောင်းသားများ၏ တောင်းဆိုဆန္ဒပြမှုကို ထောက်ခံသည့်အနေဖြင့် ကြေငြာချက်ထုတ်ခြင်းဖြစ်သည်ဟု ကိုဟိန်းဝင့်ဝါက ဆိုသည်။

"လောလောဆယ်တော့ ထောက်ခံတဲ့အဆင့်ပဲရှိတယ်။ ကျွန်တော်တို့ဘက်က တတ်နိုင်တာတွေ ကူညီပေးသွားပါမယ်။ဒါက မဖြစ်သင့်ဘူး။ သူနာပြုနဲ့ဆရာဝန်ဆိုတာ မောင်နှမတွေပါ။ ကျွန်တော်တို့အနေနဲ့ ဘာတွေဆက်လုပ်ပေးသွားရမယ်ဆိုတာ အမှုဆောင်တွေနဲ့တိုင်ပင်ပြီး လုပ်ပေးသွားမယ်"ဟု ကိုဟိန်းဝင့်ဝါက ပြောသည်။

မန္တလေးဆေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ထုတ်ပြန်ချက်တွင် "အစိုးရ(ပြည်သူ့)ဆေးရုံများတွင် ကျန်းမာရေးဝန်ထမ်းအင်အား (သူနာပြု အင်အား)မလုံလောက်မှုကို ဖြေရှင်းနိုင်ရန်ထုတ်ပြန်သော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စာအမှတ်-ကုသရေး/ပုဂ္ဂလိက/၂၀၁၇(၀၈၁)ထုတ်ပြန်စာအရ သူနာပြုတက္ကသိုလ် သင်တန်းကျောင်းများနှင့်သဘောတူချုပ်ဆိုထားသည့် စာချုပ်အား ဖောက်ဖျက်သော သူနာပြုနှင့်သားဖွားများကို ပုဂ္ဂလိကဆေးရုံများတွင် ခန့်အပ်တာဝန်မပေးရေး ကိစ္စနှင့် သက်ဆိုင်ရာ တက္ကသိုလ်၊သင်တန်းကျောင်းများမှ ဘွဲ့ရပြီးသော အရည်အချင်းပြည့်မီသည့် သူနာပြုနှင့်သားဖွားများကို လုပ်သက် ၃ နှစ်ပြည့်မှ လိုင်စင်ထုတ်ပေးမည့်ကိစ္စရပ်များသည် စီမံခန့်ခွဲမှု အမှားများကြောင့် ဖြစ်ပေါ်နေသောပြဿနာများကို ဖြေရှင်းခြင်းမဟုတ်ဘဲ သူနာပြုရပ်ဝန်းအား ဖိနှိပ်သော လုပ်ရပ်သာ ဖြစ်ပါသည်။

ထိုကဲ့သို့သော သူနာပြုဝန်ထမ်းအား ဖိနှိပ်မှုများကို ကျွနု်ပ်တို့ ဆေးတက္ကသိုလ် မန္တလေးကျောင်းသားများသမဂ္ဂက ပြင်းထန်စွာ ကန့်ကွက်ပါသည်။ ထို့ကြောင့်ဆေးပညာရပ်ဝန်းမှ မောင်နှမများဖြစ်ကြသော ရန်ကုန်သူနာပြု တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုကို ထောက်ခံပြီး ၎င်း တို့၏ တောင်းဆိုချက်များကို ဆောင်ရွက်ပေးရန် ကျွန်ုပ်တို့ဆေးတက္ကသိုလ် မန္တလေးကျောင်းသားများသမဂ္ဂမှ ထပ်လောင်းတောင်းဆိုလိုက်သည်ဟု ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly