ဘိုကိုဟာရမ်တို့ ဖမ်းဆီးထားသည့် အရပ်သား ၅,၀၀၀ ကျော်ကို ကင်မရွန်းစစ်တပ် ကယ်တင်

ဘိုကိုဟာရမ်တို့ ဖမ်းဆီးထားသည့် အရပ်သား ၅,၀၀၀ ကျော်ကို ကင်မရွန်းစစ်တပ် ကယ်တင်

မတ် ၁၆ ။            ။ ဘိုကိုဟာရမ် အကြမ်းဖက်သမားများ ဓားစာခံဖမ်းဆီးထိန်းသိမ်းထားသော အရပ်သား ၅,၀၀၀ ခန့်ကို ကယ်တင်လိုက်နိုင်ပြီဖြစ်ကြောင်း ကင်မရွန်း အစိုးရက ထုတ်ပြန်လိုက်သည်။

နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးတစ်ခုအတွင်း အကြမ်းဖက်သမားတို့ လက်တွင်း ကျရောက်နေခဲ့သည့် အရပ်သား ထောင်ပေါင်းများစွာကို ကင်မရွန်းတပ်ဖွဲ့ဝင်များက ကယ်တင်လိုက်နိုင်သကဲ့သို့ အကြမ်းဖက်သမားများကိုပါ သုတ်သင်ရှင်းလင်းလိုက်နိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်နှင့် မတ်လ ရ ရက်ကြား ကင်မရွန်း-နိုင်ဂျီးရီးယား နယ်စပ်တစ်လျှောက် နှင့် နိုင်ဂျီးရီးယားနိုင်ငံတွင်း၌ ကင်မရွန်း တပ်ဖွဲ့ဝင်များက စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့ကြောင်း အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် အစ္စမာ ချီရိုမာ ဘက်ကာရီက ပြောသည်။

Thunder 2 ဟု အမည်ပေးခဲ့သည့် ယင်းစစ်ဆင်ရေးအတွင်း ဓားစာခံဖမ်းဆီးထိန်းသိမ်းခံထားရသော အပြစ်မဲ့ အရပ်သား ၅,၀၀၀ ကျော်ကို အကြမ်းဖက်သမားများလက်မှ လွတ်မြောက်စေခဲ့သည်ဟု သိရသည်။လွတ်မြောက်လာသူများထဲတွင် အမျိုးသမီး၊ ကလေး၊ သက်ကြီး အများစု ပါ၀င်ပြီး ၎င်းတို့ကို ယခုအခါ နိုင်ဂျီးရီးယားနိုင်ငံတွင်းရှိ ကယ်ဆယ်ရေးစခန်းတစ်ခုသို့ လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်ကြောင်း ဘက်ကာရီက ပြောသည်။

" ဒီစစ်ဆင်ရေးမှာ အကြမ်းဖက်သမား ၆၀ ကျော် ရှင်းလင်းနိုင်ခဲ့သလို သံသယရှိသူ ၂၁ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်" ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

အိုင်အက်စ်နှင့် ချိတ်ဆက်ပတ်သက်မှုရှိနေသော ဘိုကိုဟာရမ် အကြမ်းဖက်အုပ်စုသည် နိုင်ဂျီးရီးယားနိုင်ငံတွင် စတင်ဖွဲ့စည်းလှုပ်ရှားနေခဲ့ခြင်းဖြစ်ကာ မကြာခဏဆိုသလို အိမ်နီးချင်းနိုင်ငံများဖြစ်သော ကင်မရွန်း၊ ချက်ဒ်၊ နိုင်ဂျာ နိုင်ငံတို့တွင်မှာပါ ပစ်မှတ်တိုက် တိုက်ခိုက်မှုများ ကျူးလွန်နေခဲ့သည့် အဖွဲ့လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly