လာမယ့်သီတင်းပတ်အတွင်း ဖိလစ်ပိုင်သမ္မတ ဒူတာတေး မြန်မာနိုင်ငံ လာမည်

လာမယ့်သီတင်းပတ်အတွင်း ဖိလစ်ပိုင်သမ္မတ ဒူတာတေး မြန်မာနိုင်ငံ လာမည်

မတ် ၁၆ ။             ။ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေး လာမယ့် သီတင်းပတ်ထဲမှာ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ဆီကို အလည်အပတ်ခရီး လာရောက်မှာ ဖြစ်တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ချားလ်စ် ဟို့စ်က မတ်လ ၁၆ ရက်မှာ ပြောကြားသွားပါတယ်။

သမ္မတ ဒူတာတေးဟာ လာမယ့် မတ်လ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး ထိုင်းနိုင်ငံကိုတော့ မတ်လ ၂၀ နဲ့ ၂၂ ရက်အထိ သွားရောက်မှာ ဖြစ်တယ်လို့ ဟို့စ်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားသွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ခရီးစဉ်မှာတော့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နဲ့ တွေ့ဆုံဆွေးနွေးသွားမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၎င်းရဲ့ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား မည်သည့်စာချုပ်စာတမ်းမှ ချုပ်ဆိုသွားဖွယ် မရှိကြောင်းလည်း သိရပါတယ်။

အလားတူ သမ္မတ ဒူတာတေးဟာ ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေး ၀န်ကြီး နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

ဖိလစ်ပိုင်သမ္မတအနေနဲ့ ယခင် ၂၀၁၆ နိုဝင်ဘာလတုန်းကတော့ ထိုင်းနိုင်ငံကို သွားရောက်ထားခဲ့ဖူးပြီး ယင်းအချိန်တုန်းကတော့ နတ်ရွာစံ ထိုင်းဘုရင် ဘူမိဘော အဒူလျာဒက်ကို ဂါရဝပြုခဲ့ရုံသက်သက်သာ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ယခုလို ဖိလစ်ပိုင်သမ္မတရဲ့ မြန်မာနဲ့ ထိုင်းခရီးစဉ်အတွင်းမှာတော့ လက်ရှိ တောင်တရုတ်ပင်လယ်အရေးကိစ္စကိုပဲ ခေါင်းဆောင်တွေအကြား အဓိကဦးစားပေး ဆွေးနွေးသွားဖွယ်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ချားလ်စ် ဟို့စ်က ပြောကြားသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly