သားမယားပြုကျင့်ခံရသည့် ကိုးတန်းကျောင်းသူအမှုတွင် တည်းခိုခန်းပိုင်ရှင်အား အရေးယူဆောင်ရွက်မှု မရှိကြောင်း ပြောဆို

သားမယားပြုကျင့်ခံရသည့် ကိုးတန်းကျောင်းသူအမှုတွင် တည်းခိုခန်းပိုင်ရှင်အား အရေးယူဆောင်ရွက်မှု မရှိကြောင်း ပြောဆို

ရန်ကုန်၊ မတ် ၁၄ ။             ။ သားမယားပြုကျင့်ခံရသည့် အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသူအမှုတွင် မှတ်ပုံတင် မရှိသေးသည့် မိန်းကလေးငယ်ကို လက်ခံခဲ့သည့် တည်းခိုခန်းပိုင်ရှင်အား အရေးယူမှုဆောင်ရွက်မှု တစ်စုံတစ်ရာမရှိဟု  တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ယနေ့ (မတ်လ ၁၄) နေ့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် သားမယားပြုကျင့်ခံရသည့် ကိုးတန်းကျောင်းသူကို တရားပြိုင်ဘက်မှ အပြန်အလှန်မေးခွန်းမေးမြန်းမှု ပြီးစီးခဲ့ပြီးနောက် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောခဲ့ခြင်း ဖြစ်သည်။

“ အမှန်မှာက တည်းခိုတာ တစ်ယောက်ဆို တစ်ယောက်။ နှစ်ယောက်ဆို နှစ်ယောက် စာရင်း ရေးရမယ်။ အခု တရားခံရဲ့နာမည်ကိုပဲ ထည့်ထားတယ်။ စာရင်းမရေးထားဘူး။ တည်းခိုခန်းဆိုင်ရာ လိုင်စင်ချမှတ်ပေးထားမှုတွေနဲ့ ဆန့်ကျင်တယ်။ ဒါပေမယ့်လို့ ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာနက ဒါနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ထားတာလည်း မတွေ့ရဘူး။ အရေးယူဆောင်ရွက်ထားခြင်း ရှိ၊ မရှိလည်း မသိရဘူး။ ရဲကလည်း အဲ့ဒီလိုလုပ်တာနဲ့ ပတ်သက်ပြီးတော့ အရေးယူတာ အမှုတွဲမှာမတွေ့ရဘူး”ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

တည်းခိုခန်းသို့ခေါ်ဆောင်ကာ သားမယားပြုကျင့်ခံရသည့် ကိုးတန်းကျောင်းသှုအမှုနှင့် ပတ်သက်၍ တရားပြိုင်ဘက်မှ သမီးရည်စားချင်း ချစ်ကြိုက်၍ လိုက်ပြေးသည့် ပုံစံပြောဆိုခဲ့သော်လည်း မိန်းကလေးငယ်ဘက်က မဟုတ်မှန်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ ယနေ့ (မတ်လ ၁၄ ရက်) နေ့တွင် ထွက်ဆိုခဲ့သည်။

ဖြစ်စဉ်မှာ အသက်၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသူကို ပြစ်မှုကျူးလွန်သူဟုု ယူဆရသူ သန်းကိုကိုမောင်ဆို သူက ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ လည်ပိုုင်းက လှည်းတန်းစင်တာရှေ့တွင် ချိန်းဆိုကာ လိမ္မော် ရည်တိုက်ခဲ့ပြီး အမျိုးသမီးငယ် သတိလစ်သွားမှ သန်းကိုကိုအောင်အိမ်သို့ ခေါ်ဆောင်သွားပြီး ထိုမှတဆင့် တည်းခိုခန်းသိုု့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။ မြောက်ဒဂုံရှိ “Royal” တည်းခိုခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူဟု ယူဆရသူသည် မြောက်ဒဂုံ ၃၉ ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။ တရားလို ကိုးတန်းကျောင်းသူမှာ ကမာရွတ်မြို့နယ်တွင်နေထိုင်ပြီး အဆိုပါနှစ်ဦးမှာ အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကာ အမှုကို ကမာရွတ်ရဲစခန်းတွင် အမှုဖွင့်ထားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင်  မြို့စွန်းမြို့ဖျားရှိ တရားမဝင် အချိန်ပိုင်းငှားသည့် တည်းခိုခန်းများတွင် မိန်းကလေး ငယ်များစွာ ဘဝပျက်နေရသည့်အတွက် ရှောင်တခင် ဝင်ရောက်စစ်ဆေးသင့်ကြောင်း ဦးရောဘတ်စန်းအောင်က ဆိုသည်။

“ အခုကျွန်တော်တို့ နိုင်ငံမှာ ဖြစ်ပေါ်နေတာတွေက အဲ့ဒီလို မြို့စွန်းမြို့ဖျားတည်းခိုခန်းတွေမှာ မိန်းကလေးငယ်တွေ မြောက်များစွာ ဘဝပျက်နေကြတယ်။ တစ်နာရီနှုန်းနဲ့ ငှားတဲ့ တည်းခိုခန်း အချို့ရှိသလို၊ နေ့တစ်ဝက်ငှားတာတွေလည်းရှိတယ်။ အဲ့ဒီလို တရားမဝင် မှုခင်းတွေအားပေး ဖွင့်လှစ်နေတဲ့ တည်းခိုခန်းတွေကို ရှောင်တခင် ဝင်ဝင်စစ်ပြီးတော့ အရေးယူသင့်တယ်လို့ အကြံပြုလိုပါတယ်”ဟု ၄င်းက ဆိုသည်။

အဆိုပါ အချိုရည်တိုက်ပြီး တည်းခိုခန်းတွင် သားမယားပြုကျင့်ခံခဲ့ရသည့် ကိုးတန်းကျောင်းသူအမှုနှင့် ပတ်သက်၍ လာမည့် ၂၁ ရက်နေ့တွင် သက်သေ ဦးသူရကြူကို စစ်ဆေးမေးမြန်းမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly