နားကြားစက်ကိရိယာ ၁၇လုံးအား အခမဲ့တပ်ဆင်ပေးရာတွင် လာရောက်လျှောက်ထားသူ ၁၀၀ ခန့်ရှိ

နားကြားစက်ကိရိယာ ၁၇လုံးအား အခမဲ့တပ်ဆင်ပေးရာတွင် လာရောက်လျှောက်ထားသူ ၁၀၀ ခန့်ရှိ

ရန်ကုန်၊ မတ်လ ၁၄ ။               ။ အခမဲ့တပ်ဆင်ပေးသည့် နားကြားကိရိယာလိုအပ်သူ လျှောက်ထားသူ ၁၀၀ ဦး အနက်မှ ယမန်နေ့ မတ်လ ၁၃ ရက်တွင် ၉ ဦးအား စမ်းသပ်စစ်ဆေးမှုများ   ပြုလုပ်ခဲ့ကြောင်း သိရသည်။

"မနေ့ကတော့ ၉ ဦးကို စမ်းသပ်ချက်တွေလုပ်ခဲ့တယ်။ ဒီနေ့မှာတော့ ၈ယောက်ကို စမ်းသပ်ချက်တွေ လုပ်ပါမယ်" ဟု မြန်မာနိုင်ငံနားမကြားသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ အတိုင်ပင်ခံ ဆလိုင်းဒေးဗစ်မှ မဇ္စျိမသို့ ပြောသည်။

အဆိုပါအစီအစဉ်မှာ UK မှ လှူဒါန်းသော နားကြားကိရိယာ ၁၇ လုံးကို အခမဲ့ တပ်ဆင်ပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံနားမကြားသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ အခမဲ့တပ်ဆင်ပေးနေခြင်းဖြစ်သည်။ ထိုသို့ တပ်ဆင်နိုင်ရန် မြန်မာနိုင်ငံနားမကြားသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သို့ လျှောက်ထားရပြီး အသက်အရွယ်၊ လူတန်းစားမရွေး ဦးရာလူစနစ်ဖြင့် ၁၇ ဦး ရွေးချယ်မည် ဖြစ်သည်။

နားကြားစက်ကိရိယာများ လျှောက်ထားကြသူဦးရေ ၁၀၀ ခန့် ရှိခဲ့ပြီး ဦးစားပေး ၃၀ ဦးအနက် ၁၇ ဦးကို ဆရာဝန်များက  စမ်းသပ်ချက်များ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့က လူ ၉ ဦးကို ဆရာဝန်က စမ်းသပ်ချက်များ ပြုလုပ်ရာတွင် နားကြားကိရိယာစက် အသုံးပြုရန် အဆင်မပြေသူများ ပါဝင်နေသောကြောင့် ဦးစားပေး ၃၀ စာရင်းမှ ဆက်သွယ်ပြီး   ဖြည့်စွက်စမ်းသပ်သွားမည်ဟုလည်း ထပ်လောင်း ဖြေကြားခဲ့သည်။

"အဓိကကတော့ နားကြားနှုန်းပေါ့။ နားကြားကိရိယာတပ်ဆင်ပေမယ့် နားကြားဖို့ အဆင်မပြေနိုင်တာမျိုး၊ နားမကြားမှုအတိုင်းများနေတဲ့လူတွေကိုဆို အသုံးပြုရန် အဆင်မပြေသူလို့ မှတ်ချက်ပေးပါတယ်"ဟု  ဆလိုင်းဒေးဗစ်က ပြောသည်။

၎င်းနားကြားကိရိယာစက်ပစ္စည်းအား ပြင်ပတွင်် ဝယ်ယူလိုပါက အနိမ့်ဆုံး ၃သိန်းမှ အများဆုံး သိန်း ၂၀ခန့်အထိ စျေးနှုန်းရှိကြောင်းသိရသည်။

လာရောက်လျှောက်ထားကြသူများတွင် အသက်အရွယ်စုံမှ ပါဝင်ပြီး အသက်ကြီးမှ နားမကြားသောသူများ၊ နားလေးနေသောသူများနှင့် မွေးရာပါနားမကြားသောသူများ ပါဝင်နေကြောင်း သိရကာ အလှူရှင် ရှိပါက ထပ်မံဖြန့်ဝေသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly