မိမိမှာ ချယ်လ်ဆီး၏ နံပါတ်တစ် နည်းပြအဖြစ် ရှိနေသေးကြောင်း လှောင်ပြောင်မှုများကို မော်ရင်ဟို တုံ့ပြန်

မိမိမှာ ချယ်လ်ဆီး၏ နံပါတ်တစ် နည်းပြအဖြစ် ရှိနေသေးကြောင်း လှောင်ပြောင်မှုများကို မော်ရင်ဟို တုံ့ပြန်

မတ် ၁၄၊ အင်္ဂလန် ။              ။ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် ချယ်လ်ဆီးပရိသတ်များ၏ လှောင်ပြောင်မှုကို ခံခဲ့ရသည့် မန်ယူနည်းပြမော်ရင်ဟိုက ၎င်းမှာ လက်ရှိအချိန်အထိ ချယ်လ်ဆီးအသင်း၏နံပါတ်တစ် နည်းပြအဖြစ် ရှိနေသေးကြောင်း ပြောဆိုလိုက်သည်။

ချယ်လ်ဆီးအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် မန်ယူကစားသမား ဗလင်စီယာက ချယ်လ်ဆီးကစားသမား မားကို့စ်အလွန်ဆိုကို ပြစ်ဒဏ်ကျူးလွန်ခဲ့ရာ၌ နည်းပြမော်ရင်ဟိုနှင့် ကွန်တီတို့မှာ အချင်းများခဲ့ကြသည်။

ထိုကဲ့သို့ အချင်းများကြချိန်၌ ချယ်လ်ဆီးပရိသတ်များက မော်ရင်ဟိုကို အော်ဟစ်လှောင်ပြောင်ခဲ့ကြရာ မော်ရင်ဟိုက လက်သုံးချောင်းထောင်ပြကာ ပြန်လည်တုံ့ပြန်ခဲ့သည်။ လက်သုံးချောင်းထောင်ပြခြင်းမှာ ပရီးမီးယားလိဂ်ဖလားသုံးလုံး ရယူပေးထားသည်ဆိုသော အဓိပ္ပါယ်ဖြစ်သည်။

‘ချယ်လ်ဆီးပရိသတ်တွေအနေနဲ့ သူတို့စိတ်ထဲရှိသလို ကျွန်တော့်ကို လှောင်ပြောင်ခေါ်ဆိုနိုင်ပါတယ်။ ကျွန်တော်က ပရော်ဖက်နယ်တစ်ဦးပါ။ ဒါကြောင့် ကျွန်တော့်အသင်းကို ကျွန်တော်ကာကွယ်ရပါမယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်ဖလားသုံးလုံးရယူပေးနိုင်ခဲ့တဲ့ နည်းပြက ကျွန်တော်တစ်ယောက်ပဲ ရှိပါတယ်။ ကျွန်တော်က နံပါတ်တစ်ပါပဲ။

သူတို့အတွက် ပရီးမီးယားလိဂ်ဖလား လေးလုံးရယူပေးနိုင်တဲ့သူ ရှိလာရင်တော့ ကျွန်တော်က နံပါတ် ၂ ဖြစ်သွားမှာပါ။ ဒါပေမဲ့ လက်ရှိအချိန်အထိတော့ သစ္စာဖောက်ကြီးက နံပါတ်တစ်ပါပဲ’ ဟု မော်ရင်ဟိုက ဆိုခဲ့သည်။

ရည်ညွှန်း စကိုင်းစပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly