နယ်သာလန်ကို နာဇီနဲ့ ခိုင်းနှိုင်းလိုက်၍ တူရကီအား နှုတ်စည်းစောင့်ရန် အီးယူပြော

နယ်သာလန်ကို နာဇီနဲ့ ခိုင်းနှိုင်းလိုက်၍ တူရကီအား နှုတ်စည်းစောင့်ရန် အီးယူပြော

ဘရပ်ဆဲလ်၊ မတ် ၁၃ ။            ။ နယ်သာလန်နဲ့ ဂျာမနီနိုင်ငံတို့က ၎င်းတို့နိုင်ငံတွင်းရောက် ရွှေ့ပြောင်းတူရကီနိုင်ငံသားတွေကို တူရကီဝန်ကြီးတွေရဲ့ လူထုစည်းရုံးမှုတွေ လုပ်ဆောင်မှာကို ပိတ်ပင်လိုက်လို့ တင်းမာမှုတွေဖြစ်နေချိန်မှာ တူရကီသမ္မတ အာဒိုဂန်က နယ်သာလန်ကို နာဇီတွေနဲ့ ခိုင်းနှိုင်းပြောခဲ့တာကြောင့်နှုတ်စောင့်စည်းဖို့ အီးယူက သတိပေးလိုက်ပါတယ်။

အခြေအနေတွေ ပိုမိုတင်းမာစေမယ့် လုပ်ဆောင်ပြောဆိုချက်တွေကို ရှောင်ကြဉ်ဖို့ တူရကီကို အီးယူက ထိထိရောက်ရောက် သတိပေးလိုက်တာလည်းဖြစ်ပါတယ်။

တူရကီနိုင်ငံမှာ ဧပြီလမှာကျင်းပမယ့် လူထုဆန္ဒခံယူပွဲတစ်ရပ်အတွက် အဝေးရောက်ရွှေ့ပြောင်းတူရကီတွေကို ဝန်ကြီးတွေက လာရောက်မဲဆွယ်ခွင့်ကို နယ်သာလန်နဲ့ ဂျာမနီနိုင်ငံတို့က ငြင်းဆန်ထားတာဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံရဲ့ လုပ်ရပ်ဟာ နာဇီတွေအတိုင်းပဲဖြစ်တယ်လို့ တူရကီသမ္မတ အာဒိုဂန်က ရက်ပိုင်းအတွင်းမှာ နှစ်ကြိမ်တိုင် ပြောခဲ့ပါတယ်။

အာဒိုဂန်ရဲ့ ခုလိုပြောဆိုချက်ကြောင့် ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တပ်တွေရဲ့ တိုက်ခိုက်သိမ်းပိုက်ခံရဖူးတဲ့ နယ်သာလန်နိုင်ငံတွင်းမှာ စိတ်ဆိုးဒေါသထွက်စရာဖြစ်ခဲ့ရပါတယ်။

နယ်သာလန်နိုင်ငံက မတ် ၁၁ ရက်မှာ နိုင်ငံတွင်းက ရွှေ့ပြောင်းတူရကီတွေကို လာရောက်မဲဆွယ်မယ့် တူရကီနိုင်ငံခြားရေးဝန်ကြီးကို ပြည်ဝင်ခွင့်လည်း မပေးခဲ့ပါဘူး။

နယ်သာလန်ရဲ့ လုပ်ရပ်တွေအတွက် ပြန်လည်ပေးဆပ်ရလိမ့်မယ်လို့ အာဒိုဂန်က ခြိမ်းခြောက်ပြောဆိုထားပေမယ့် နယ်သာလန်ဝန်ကြီးချုပ် မာ့ခ်ရက်တီက မိမိတို့အစိုးရ လုပ်ဆောင်ချက်အတွက် တောင်းပန်စရာအကြောင်းမရှိကြောင်း ပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly