မန်းရွှေစက်တော်တွင် အရက်ဘီယာရောင်းချမှု ဂေါပကမှ ရှောင်တခင် ဖမ်းဆီး

မန်းရွှေစက်တော်တွင် အရက်ဘီယာရောင်းချမှု ဂေါပကမှ ရှောင်တခင် ဖမ်းဆီး

မင်းဘူး၊မတ်လ ၁၃ ။            ။ မန်းရွှေစက်တော်ဘုရားပွဲတော်တွင် ယနေ့ မတ်လ(၁၃)ရက်နေ့ နံနက်ပိုင်းက သောင်ပြင်ရှိ စားသောက်ဆိုင်များအား တာဝန်ရှိသူတို့မှ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ အရက်သေစာများ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိ အရေးယူထားကြောင်း ဘုရာကြီး ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

" ဒီနေ့ (မတ်လ ၁၃ရက် ) နံနက် (၁၀: ၀၀)နာရီတွင် စားသောက်ဆိုင်များကို ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ပါတယ်၊ စစ်ဆေးတဲ့အခါ စောရတနာ စားသောက်ဆိုင်၊ ဘွိုင်း စားသောက်ဆိုင်များမှ   မြန်မာဘီယာပုလင်း၊ မြန်မာဘီယာသံဗူး၊ Royal  Club ဝီစကီ အရက်ပုလင်းပြား၊ ဒဂုံဘီယာပုလင်း၊ ဒဂုံဘီယာ သံဗူး တို/ရှည်၊ အရက်ဖြူပုလင်းများ စစ်ဆေးတွေ့ရှိတဲ့ အတွက် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်လျှက် ရှိပါတယ်" ဟု ရွှေ စက်တော်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးမြင့်သိန်း က မဇ္ဈိမသို့ ပြောသည်။

၂၀၁၇ခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်တွင် မှုခင်းကြိုတင်ကာကွယ် တားဆီးရေးအတွက် အရက်၊ ဘီယာ ၊ ထန်းရည် ၊ စိမ်ရည် ၊ ကဇော် ၊ရမ်၊ ဝီစကီ ၊ မူးယစ်ဆေးဝါးများ အား ဘုရားပွဲတော်တွင်းသို့ ယူဆောင်လာခြင်း၊ ရောင်းချခြင်း ၊ သုံးစွဲခြင်း မပြုရန် တားမြစ်ထားသည်။

"ဒီနှစ်မှာ အတော်ကိုဆိုးလာတယ် ။ နေရာတိုင်းမှာ အမူးသမားနဲ့၊ ရေချိုးတဲ့နေရာဆို ပိုများနေတယ်ဗျ ၊ဘိုးဘွားတွေ ခေတ်တုန်းက အသားစိမ်း ငါးစိမ်းမစားကြဘဲ ဘုရားရောက်ကတည်းက ပြန်တဲ့အထိ (၈)ပါးသီလယူပြီး နေကြတာ။ အခုခေတ်ကတော့ ဘာသာရေးနယ်ပယ်မှာ မူးယစ်သောက်စားနေကြတာလေ၊အခုလို မှန်ရာကို လုပ်ဆောင်တာမို့ ဂုဏ်ယူဝမ်းမြောက်စွာ ဂေါပကအဖွဲ့ကို ချီးကျုးပါတယ်။ တတ်နိင်ရင် လှေတင်ဘက်လဲ စစ်ဆေးအရေးယူပေးစေချင်တယ်၊ ဘုရားဖူးယာဉ်တွေလည်း စစ်ဆေးအရေးယူပေးစေချင်ပါတယ်" ဟု တောင်တွင်းကြီးမြို့မှ ဘုရားဖူးပြည်သူတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly