မိုဂါဒစ်ရှူးမြို့ ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် ငါးဦးထက်မနည်း သေဆုံး

မိုဂါဒစ်ရှူးမြို့ ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် ငါးဦးထက်မနည်း သေဆုံး

မတ် ၁၃ ။            ။ ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးတွင် မတ်လ ၁၃ ရက်က ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားပြီး အနည်းဆုံး လူငါးဦးသေဆုံးခဲ့ကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများနှင့် တာဝန်ရှိသူများက ပြောသည်။

" ငါးယောက် သေတယ်လို့ အတည်ပြုထားပါတယ်၊ ဒဏ်ရာ ရသူတွေလည်း ရှိနေပါတယ်၊ ဟိုတယ်တစ်ခုအနီးမှာ ဖြစ်တာပါ၊ ကားဗုံးခွဲတိုက်ခိုက်တာပါ" ဟု ဒေသရဲတပ်ဖွဲ့အကြီးအကဲ ဂူရီ မိုဟာမက်က ပြောသည်။

လူစည်ကားရာ လမ်းမကြီးတစ်ခုတွင် ဖြစ်ပွားသော ယင်းဖြစ်စဉ်အတွင်း သေဆုးသူဦးရေမှာ တရားဝင်ထုတ်ပြန်ထားသည်ထက် ပိုများလာနိုင်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

" ကျွန်တော်တွေ့မိသလောက်ကတော့ အလောင်းခုနှစ်လောင်းတွေ့မိပါတယ်၊ ဒါပေမယ့် တရားဝင်ကတော့ ငါးဦးလို့ ပြောပါတယ်၊ ဒါပေမယ့် ပြောလို့မရသေးပါဘူး၊ ဒီထက် ပိုများလာနိုင်ပါေသေးတယ်" ဟု မျက်မြင်တွေ့သူတစ်ဦးဖြစ်သည့် မူဟင်ဒင် အလီက ပြောသည်။

ယခု ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်မတိုင်ခင်ကလည်း စစ်တပ် စစ်ဆေးရေးဂိတ်တစ်ခုအနီး ပေါက်ကွဲမှုတစ်ခုဖြစ်ပွားထားခဲ့သေးကြောင်းနှင့် မသင်္ကာဖွယ်ယာဉ်တစ်စီးကို တားမြစ်စစ်ဆေးစဉ် ဖောက်ခွဲသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်ကြောင့် အနည်းဆုံး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဟိုတယ်တစ်ခုအနီး ဖြစ်ပွားခဲ့သော ကားဗုံးခွဲမှုကို မိမိတို့ လုပ်ဆောင်ခဲ့ကြောင်း အယ်လ်ကိုင်ဒါ ဆက်စပ် ရှာဘတ် စစ်သွေးကြွအုပ်စုက ထုတ်ဖော်ပြောဆိုခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly