သာစည်မြို့နယ်ရှိ အိမ်ခြေ ၃၀၀ ကျော်နေ ဒေသခံများ မသန့်သည့်ရေ သောက်နေရ

သာစည်မြို့နယ်ရှိ အိမ်ခြေ ၃၀၀ ကျော်နေ ဒေသခံများ မသန့်သည့်ရေ သောက်နေရ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ လယ်ပြင်ကျေးရွာ၊ မထိဦး ရေထွက်ချောင်းရေ သန့်ရှင်းမှု မရှိသောကြောင့် မသန့်သည့်ရေကို သောက်သုံးနေရပြီး ဒေသခံများ သောက်သုံးရေ အခက်အခဲများဖြစ်ပေါ်နေသည်ဟု ဒေသခံများက မဇ္ဈိမကို ပြောသည်။

အဆိုပါ မထိဦးရေထွက်ချောင်းရေအတွင်းသို့ ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့နယ်နှင့် မန္တလေးတိုင်း၊ သာစည်မြို့နယ်ကြားရှိ ရွှေမင်းပုန်းတောင်(ပလောင်တောင်)အနီးတွင် ရွှေတူးဖော်နေသည့် ကုမ္ပဏီများမှ စွန့်ပစ်ရေများ စီးဝင်လျှက်ရှိခြင်းကြောင့် ရေများ သန့်ရှင်းမှု မရှိခြင်းဟု ဒေသခံများကဆိုသည်။

မထိဦးချောင်းရေကို လယ်ပြင်ကျေးရွာတစ်ရွာလုံး အားထားအသုံးပြုနေရပြီး အိမ်ခြေ ၃၀၀ ကျော်ရှိကြောင်း ဒေသခံများက ဆိုသည်။"မသန့်မှန်းသိပေမယ့် သုံးစရာရေက မရှိဘူး။ ဒါပဲသုံး။ ဒါပဲသောက်ပဲ။ စိုက်ပျိုးရေလည်းဒါပဲ။ ရေကို သုံးရအောင်လုပ်ပေးစေချင်တယ်။"ဟု အသက် ရ၂ အရွယ် ဦးသိန်းရွှေကပြောသည်။

ထိုရေသန့်ရှင်းမှုမရှိခြင်းမှာ လွန်ခဲ့သည့် ၅ နှစ်မှ စတင်ဖြစ်ပွားလျက်ရှိသည်။ ထိုစဉ်က ရေကို သောက်သုံးမိသော ကျွဲ၊နွားအချို့ပင် သေဆုံးခဲ့သည်ဟု ဦးသိန်းရွှေကဆိုသည်။ အဆိုပါကျေးရွာသည်   တောင်ပေါ် ကျေးရွာဖြစ်ခြင်းကြောင့် စက်ရေတွင်း တူးဖော်ရန်အတွက်လည်း အခက်အခဲများရှိသည်ဟု သာစည်မြို့နယ်၊မဲဆန္ဒနယ်၊အမှတ်(၂)မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစံထွန်းက ဆိုသည်။

သာစည်မြို့နယ်၊ မဲဆန္ဒနယ်၊အမှတ်(၂)မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစံထွန်းက"ရေက စစ်ဆေးဖို့လိုတယ်။အဲဒီဘက်က ရေတူးဖို့လည်းခက်တယ်။အရင်ကတော့ အဲဒီရေသုံးလို့ ယားယံတာတွေ ဖြစ်ခဲ့တယ်။ ရွှေတူးဖော်နေတဲ့ ကုမ္ပဏီအနေနဲ့ ဒေသခံတွေ အသုံးပြုဖို့အတွက် သောက်သုံးရေ အတွက် စီမံပေးဖို့လိုပါတယ်။"ဟုပြောသည်။

ရွှေတူးဖော်နေသည့် ကုမ္ပဏီမှ စွန့်ပစ်ရေကြောင့် မထိဦးရေထွက်ချောင်းရေ မသန့်ရှင်းမှုနှင့် ပတ်သက်၍ လာမည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင်   မေးခွန်းအဖြစ် မေးမြန်းသွားမည်ဟုလည်း ဦးစံထွန်းက ပြောသည်။

သာစည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထင်ကျော်က"ကျွန်တော်တို့ဆီကို စာတင်ထားတာ မရှိသေးဘူး။ ကျွန်တော်ကလည်း ပြောင်းလာတာ မကြာသေးဘူးဆိုတော့ မသိသေးဘူး။"ဟုပြောသည်။

အဆိုပါကျေးရွာဒေသခံများ အနေဖြင့် မထိဦးရေထွက်ချောင်းရေအား သန့်ရှင်းမှုရှိမရှိ၊ သောက်သုံးရန်သင့်မသင့် သက်ဆိုင်ရာများအနေဖြင့် ဓာတ်ခွဲစမ်းသပ်ပေးရန် ဒေသခံတို့က လိုလားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly