လူထုစည်းဝေးပွဲများ ကျင်းပခွင့် မရခြင်းအပေါ် နယ်သာလန်ကို တူရကီတို့ ပြင်းထန်စွာ ပြစ်တင်လိုက်ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတင်းမာလာနေ

လူထုစည်းဝေးပွဲများ ကျင်းပခွင့် မရခြင်းအပေါ် နယ်သာလန်ကို တူရကီတို့ ပြင်းထန်စွာ ပြစ်တင်လိုက်ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတင်းမာလာနေ

မတ် ၁၃ ။           ။ မိမိတို့အစိုးရအဖွဲ့ ၀န်ကြီးများ လာရောက်ဟောပြောမဲဆွယ်မည့် လူထုစည်းဝေးပွဲများကို ကျင်းပခွင့် မပေးခဲ့သည့် နယ်သာလန်အစိုးရကို တူရကီ သမ္မတ အာဒိုဂန်က ပြင်းထန်စွာ ပြစ်တင်ပြောကြားသွားခဲ့သည်။

နယ်သာလန်တို့အနေဖြင့် ယင်းတို့၏ ပိတ်ပင်တားဆီးခဲ့မှုများအတွက် ပြန်လည်ပေးဆပ်ရလိမ့်မည်ဟု အာဒိုဂန်က ခြိမ်းခြောက်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သမ္မတ အာဒိုဂန်၏ လုပ်ပိုင်ခွင့်အာဏာများကို ပိုမိုတိုးပွားသွားစေနိုင်သည့် လူထုဆန္ဒခံယူပွဲတစ်ရပ်ကို ဧပြီလတွင် တူရကီ၌ ကျင်းပရန် ရှိနေရာ ယင်းအတွက် ပြည်ပရောက် တူရကီတို့ကို သွားရောက်မဲဆွယ်ဟောပြောရန် စီစဉ်နေခဲ့ခြင်းဖြစ်သည်။ တူရကီအစိုးရအနေဖြင့် ယင်း၏ နိုင်ငံသားအများစုရှိနေသည့် ဂျာမနီ၊ နယ်သာလန် တို့တွင် သွားရောက်မဲဆွယ်ဟောပြောရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း အိမ်ရှင်နိုင်ငံများက ကျင်းပခွင့် မပေးခဲ့ပေ။

မတ်လ ၁၁ ရက်ကလည်း နိုင်ငံသို့ လာရောက်ရန် စီစဉ်နေခဲ့သော တူရကီနိုင်ငံခြားရေးဝန်ကြီးကို နယ်သာလန်တို့က ပြည်ဝင်ခွင့်မပေးခဲ့သည့်အပြင် တူရကီ အိမ်ထောင်စုရေးရာဝန်ကြီးကိုလည်း နိုင်ငံမှ နှင်ထုတ်ခဲ့သေးသည်။

ယခုကဲ့သို့ မိမိတို့၏ လူထုစည်းဝေးပွဲအစီအစဉ်များကို နိုင်ငံတွင် လက်ခံကျင်းပခွင့်ပေးရန် ငြင်းဆန်ခဲ့သော နယ်သာလန်အစိုးရကို အာဒိုဂန်က ဒေါသထွက်နေလျက်ရှိသည်။

တစ်ဘက်တွင်လည်း မိမိတို့အစိုးရ၏ လုပ်ဆောင်ချက်များနှင့်စပ်လျင်း၍ တူရကီတို့အပေါ် တောင်းပန်သွားမည်မဟုတ်ကြောင်း နယ်သာလန်ဝန်ကြီးချုပ် မာ့ခ်ရက်တီက ပြောကြားလိုက်သည်။

တူရကီတို့အစိုးရအနေဖြင့် ဧပြီလ ဆန္ဒခံယူပွဲအတွက် အီးယူအုပ်စုဝင် နိုင်ငံများ၌ ရောက်ရှိနေသော အဝေးရောက် တူရကီတို့အား သွားရောက်မဲဆွယ်ဟောပြောရန် စီစဉ်နေခဲ့့ခြင်းဖြစ်ပြီး ယခုနယ်သာလန်မတိုင်ခင်ကလည်း ဂျာမနီတို့၏ ငြင်းဆန်မှုနှင့်ပါ ကြံုတွေ့ခဲ့ရသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly