၄၈ ပွဲဆက်တိုက်ဂိုးသွင်းနိုင်သည့် ပထမဆုံးအသင်းအဖြစ် ရီးယဲလ်အသင်း မှတ်တမ်းရေးထိုး

၄၈ ပွဲဆက်တိုက်ဂိုးသွင်းနိုင်သည့် ပထမဆုံးအသင်းအဖြစ် ရီးယဲလ်အသင်း မှတ်တမ်းရေးထိုး

မတ် ၁၃၊ စပိန် ။             ။ ဘက်တစ်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် ရီးယဲလ်အသင်းသည် ကမ္ဘာ့ဘောလုံးလောကတွင် ၄၈ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

ထိုပွဲစဉ်တွင် ဘက်တစ်အသင်းက ဦးဆောင်ဂိုးစတင်သွင်းယူခဲ့သော်လည်း စီရော်နယ်ဒိုက ၄၁ မိနစ်တွင် ချေပဂိုးသွင်းယူခဲ့သည်။ ထို့နောက် ပွဲချိန် ၈၁ မိနစ်တွင် ရာမို့စ်က ရီးယဲလ်အတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။

စီရော်နယ်ဒို၏ သွင်းဂိုးသည် ရီးယဲလ်အသင်းအတွက် စံချိန်သစ်တင်နိုင်သည့် သွင်းဂိုးဖြစ်ခဲ့ပြီး ပေါ်တူဂီကလပ် ဘင်ဖီကာ၏ စံချိန်ကို ကျော်ဖြတ်နိုင်သည့် သွင်းဂိုးလည်း ဖြစ်ခဲ့သည်။

ဘင်ဖီကာအသင်းသည် ၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာလမှ ၁၉၆၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပွဲစဉ်ပေါင်း ၄၇ ပွဲဆက်တိုက် ဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။

ယခုနိုင်ပွဲကြောင့် ရီးယဲလ်အသင်းသည် ရမှတ် ၆၂ မှတ်ဖြင့် လာလီဂါတွင် အမှတ်ပေးဇယားထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိခဲ့ပြီ ဖြစ်သည်။ တစ်ဖက်တွင် ဘာစီလိုနာအသင်းမှာ ဒီပို့တီဗိုအသင်းကို ရှုံးနိမ့်ခဲ့ရခြင်းကြောင့် ရီးယဲလ်အသင်းသည် ဘာစီလိုနာထက် တစ်ပွဲလျော့ကစားထားကာ ၂ မှတ်အသာရနေသည်။

ရီးယဲလ်အသင်းသည် ထို ၄၈ ပွဲတွင် ၃၄ ပွဲအနိုင်ရခဲ့ပြီး ၁၁ ပွဲသရေကျခဲ့ကာ ၃ ပွဲရှုံးနိမ့်ခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly