ဟေတီတွင် ဘတ်စ်ကားဖြင့်တိုက်ပြေး၍ လူပေါင်း ၃၄ဦး သေဆုံး

ဟေတီတွင် ဘတ်စ်ကားဖြင့်တိုက်ပြေး၍ လူပေါင်း ၃၄ဦး သေဆုံး

မတ် ၁၃ ။            ။ ပြီးခဲ့သော တနင်္ဂနွေနေ့တွင် ဟေတီနိုင်ငံ ဂိုနာအိဗ်မြို့၌ ဘတ်စ်ကားတစ်စီးသည် ယာဉ်တိုက်မှုဖြစ်ပြီးနောက် ရှောင်ပြေးရန် ကြိုးပမ်းခဲ့ပြီး လမ်းဘေးရှိ ဂီတသမားများကို အရှိန်ဖြင့်ဝင်တိုက်ခဲ့မှုကြောင့် စုစုပေါင်း ၃၄ဦးခန့် သေဆုံးခဲ့ရကြောင်း အာဏာပိုင်များကပြောခဲ့သည်။

မြို့တော် ပေါ်တော်ပရင့်စ်နှင့် မိုင်၉၀အကွာရှိ လူပေါင်း ၃သိန်းခန့်နေထိုင်သော ဂိုနာအိဗ်မြို့တွင် ဖြစ်ပွားခဲ့သော အဆိုပါဖြစ်ရပ်ကြောင့် လူပေါင်း ၁၇ဦးခန့်လည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစချင်းမှာ ဘတ်စ်ကားတစ်စီးဟာ လမ်းသွားလမ်းလာနှစ်ဦးကို အရှိန်နဲ့ဝင်တိုက်မိခဲ့တာကြောင့် တစ်ဦးသေဆုံး ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်” ဟု ဟေတီရှိ ပြည်သူ့စောင့်ရှောက်ရေးရုံးမှ အကြီးအကဲဖြစ်သူ မာရီအယ်တာဂျင်းဘတ်တိစ်က ပြောခဲ့သည်။

ထို့နောက် ဘတ်စ်ကားမောင်းသူသည် အရှိန်မြှင့်တင်၍ ထွက်ပြေးရန်ကြိုးပမ်းစဉ်တွင် လမ်းဘေးရှိ ဂီတသမားများအုပ်စုထဲသို့  အရှိန်ဖြင့်ဝင်တိုက်မိခဲ့သောကြောင့် လူပေါင်း ၃၃ ဦးခန့် သေဆုံးခဲ့ရသည်။

အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများက ဒဏ်ရာရရှိသူများကို ဆေးရုံးသို့ချက်ချင်း ပို့ဆောင်ခဲ့ပြီး ရဲသားများက ဒေါသထွက်နေသော လူအုပ်ကြီးကို ထိန်းသိမ်းခဲ့ရသည်။

ယာဉ်တိုက်ခြင်းမခံခဲ့ရသည့် ဒေါသဖြစ်နေသောလူအုပ်ကြီးသည် အထဲမှာခရီးသည်များရှိနေသော ဘတ်စ်ကား ကို မီးရှို့ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြကြောင်း ပြည်သူစောင့်ရှောက်ရေးရုံးမှ ဖော့စ်တင်ဂျိုးဆပ်က ပြောခဲ့သည်။

ဘတ်စ်ကား၊ ခရီးသည်များနှင့် ယာဉ်မောင်းဖြစ်သူကို ဒေသခံအာဏာပိုင်များက လောလောဆယ်တွင် စောင့်ရှောက်ထားရကြောင်း ဂျိုးဆပ်က ထပ်ပြောခဲ့သည်။

ဟေတီသမ္မတ ဂျိုဗန်နယ်မော့အိစ်က ထိုဆိုးရွားသော ယာဉ်တိုက်မှုဖြစ်ရပ်အပြီးတွင် ၀မ်းနည်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဒါ့အပြင် သမ္မတမော့အိစ်က အဆိုပါကိစ္စနှင့်ပက်သက်၍ စုံစမ်းစစ်ဆေးမှုများ မြန်နိုင်သမျှ မြန်မြန်လုပ်ကြရန် တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly