အီသီယိုးပီးယားက စွန့့်ပစ်အမှိုက်ပုံကြီးမှာ မြေပြိုမှုဖြစ်ပြီး ၄၈ ဦးသေဆုံး

အီသီယိုးပီးယားက စွန့့်ပစ်အမှိုက်ပုံကြီးမှာ မြေပြိုမှုဖြစ်ပြီး ၄၈ ဦးသေဆုံး

အဒိစ်အဘာဘာ၊ မတ် ၁၃ ။             ။ အီသီယိုးပီးယားနိုင်ငံ အဒိစ်အဘာဘာမြို့တော်အပြင်ဖက်က စွန့်ပစ်အမှိုက်ပုံကြီးမှာ မြေပြိုမှုဖြစ်ရာက လူအနည်းဆုံး ၄၈ ဦးသေဆုံးတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

မတ် ၁၁ ရက်ညပိုင်းမှာ ဖြစ်ပွားတဲ့ မြေပြိုမှုမှာ ခုချိန်ထိ ဒါဇင်များစွာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဖြစ်ပွားချိန်က အမှိုက်ပုံကြီးပတ်ဝန်းကျင်မှာ ကျုးကျော်နေထိုင်သူပေါင်း ၁၅၀ ထက်မနည်းရှိနေတယ်လို့   ဒေသခံတစ်ဦးက ပြောပါတယ်။

ယာယီကျုးကျော်အိမ်များစွာက အမှိုက်တန်ချိန်များစွာအောက် ရောက်ရှိနေပါတယ်။

ခုအမှိုက်ကြီးဟာဆိုရင် အဒိစ်အဘာဘာမြို့က စွန့်ပစ်အမှိုက်တွေကို ဆယ်စုနှစ်ငါးခုကျော် စုပုံစွန့်ပစ်နေရာ အမှိုက်ပုံကြီးလည်း ဖြစ်ပါတယ်။

သေဆုံးသူတွေမှာ ကလေးငယ်လေးတွေလည်း ပါ၀င်တယ်လို့ မြို့ပြောရေးဆိုခွင့်ရှိသူက အေပီသတင်းကို ပြောပါတယ်။

သေဆုံးသူဦးရေ ထပ်တိုးလာမှာကို စိုးရိမ်နေရပါတယ်။

မြေပြိုမှုဖြစ်တဲ့အချိန်က “အသံကျယ်ကြီး ကြားရပြီး လေဆင်နှာမောင်မွှေလိုက်သလိုမျိုးပါပဲ။”လို့ ဒေသခံတစ်ဦးကဖြစ်တဲ့ မူဆာအဗက်ဒူလက်ရှ်က အေအက်ဖ်ပီသတင်းသို့ ပြောပါတယ်။

“ကျွန်တေ်ာအမေရယ် ညီမသုံးဦးရယ် မြေပြိုမှုဖြစ်တဲ့ နေရာမှာ ရှိနေခဲ့တာပါ။ သူတို့ရဲ့ ကံကြမ္မာကို ကျွန်တော် မတွေးရဲတော့ဘူး။”လို့ ၎င်းက ဆိုပါတယ်။

မြေပြိုမှုဖြစ်တဲ့ အမှိုက်ပုံကြီးမှာ နေထိုင်သူ ရာပေါင်းများစွာက ပြန်ရောင်းနိုင်မယ့် ကောင်းနိုးရာရာပစ္စည်းပစ္စယတွေ အမှိုက်ပုံတွင်းက ရှာဖွေခြင်းနဲ့ အမှီပြုနေထိုင်နေကြတာဖြစ်ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။

မြေပြိုမှုဖြစ်ရာနားမှာ အာဖရိကရဲ့ ပထမဆုံး စွန့်ပစ်အမှိုက်မှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်တဲ့စက်ရုံကို အာဏာပိုင်များက တည်ဆောက်နေတာလည်းဖြစ်ပါတယ်။

အဆိုပါစက်ရုံက မြို့နေခန့်မှန်းပြည်သူလေးသန်းက စွန့့်ပစ်တဲ့ အမှိုက်တွေကို လောင်ကျွမ်းစေပြီး လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲထုတ်လုပ်ဖို့ တည်ဆောက်နေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly