ပြီးခဲ့သော စနေနေ့တွင် ဂျာမနီရဲများသည် အက်ဆန်မြို့လယ်ရှိ စျေးဝယ်စင်တာများအား အစောင့်အကြပ်များ ချထားခဲ့ပြီး မြူးနစ်မြို့ရှိကုန်တိုက်အတွင်း ပစ်ခတ်ခံရမှု တစ်နှစ်မပြည့်မီအချိန်၌ အကြမ်းဖက်တိုက်ခိုက်ခံရရန် ခြိးမ်းခြောက်မှုများရှိနေသည်ဟု ပြောဆိုခဲ့သည်။
“စိုးရိမ်စရာ လုံခြံုရေးအခြေအနေများကြောင့် စနေနေ့တစ်နေ့လုံး စျေးဝယ်စင်တာအားလုံးကို ပိတ်ထားမှာပါ။ တိုက်ခိုက်မှု ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေများနှင့် ပက်သက်၍ ရဲတွေမှာ သတင်းအခိုင်အလုံရှိထားပါတယ်” ဟု ဒေသတွင်းရဲဌာနမှ လူမှုမီဒီယာမှတဆင့် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။
လုံခြံုရေးအဖွဲ့များ၏သတင်းအား ဘေးလ်ဒ်သတင်းစာ၏ ကိုးကားချက်ဖော်ပြချက်အရ အသေခံဗုံးဖောက်ခွဲမှု အများအပြား ဖြစ်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှု အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
“ အေးဂျင့်တွေကို လူမြင်ကွင်းတွေမှာ တပ်ဖြန့်ချထားပါတယ်။ ဒါဟာ အရေးကြီးတဲ့ စစ်ဆင်ရေးတစ်ခုပါ” ဟု ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောခဲ့ပြီး အက်ဆန်မြို့လယ်ခေါင်ရှိ လင်ဘက်ခ်ခါပလာဇာမှ စျေးဆိုင်၂၀၀ အပါ အဝင် အခြားစျေးဝယ်စင်တာများကို အရေးပေါ်ပိတ်ထားပြီး အနီးအနားရှိ ကားပါကင်များ၊ မြေအောက်ရထား ဘူတာရုံများကိုလည်း လုံခြံုရေးများ ၀န်းရံပိတ်ဆို့ထားကြောင်း သိရသည်။
ပြီးခဲ့သော ဒီဇင်ဘာလတွင် လူစည်ကားသည့် ခရစ္စမတ်စျေးအတွင်းသို့ အိုင်အက်စ်အဖွဲ့မှ ကုန်တင်ကားဖြင့် ၀င်တိုက်မှုကြောင့် လူ၁၂ဦး သေဆုံးခဲ့ရသည့် ဖြစ်ရပ်ပြီးကတည်းက ဂျာမနီနိုင်ငံသည် အကြမ်းဖက်တိုက်ခိုက် မှုများမှ ကာကွယ်ရန်အတွက် နိုးကြားသတိရှိနေသည်။
Ref: AFP