ဂျပန်တွင် ဆူနာမီနှင့် နျူကလီးယား ဖြစ်ရပ်ဆိုးကျရောက်မှု ခြောက်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်

ဂျပန်တွင် ဆူနာမီနှင့် နျူကလီးယား ဖြစ်ရပ်ဆိုးကျရောက်မှု ခြောက်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်

မတ် ၁၁ ။           ။ ဂျပန်တွင် လွန်ခဲ့သည့် ခြောက်နှစ်က အင်အားပြင်း ငလျင်လှုပ်ခတ်ပြီး ဆူနာမီလှိုင်းကျရောက်ကာ နျူကလီးယား ဖြစ်ရပ်ဆိုး ပေါ်ပေါက်ခဲ့မှု ဖြစ်စဉ်များအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားများကို မတ်လ ၁၁ ရက်က ကျင်းပပြုလုပ်ခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၂၀၁၁ ခုနှစ်က ဖြစ်ခဲ့သော အထက်ပါ ဘေးဒုက္ခဆိုးတို့ကြောင့် နိုင်ငံအရှေ့မြောက် ကမ်းရိုးတန်းဒေသများတွင် ထိခိုက်ပျက်စီးခဲ့ရပြီး ယခုအချိန်ထိ လူပေါင်း တစ်သိန်းကျော်ခန့်မှာ ယင်း ထိခိုက်ခံဒေသများရှိ နေအိမ်များထံသို့ မပြန်နိုင်သေးဘဲ  သို့မဟုတ် ပြန်လိုစိတ်မရှိသေးဘဲ ရှိနေသေးသည်။

 ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်က ပစိဖိတ်သမုဒ္ဓရာကြမ်းပြင်ကို ဗဟိုပြု၍ ပြင်းအား ၉ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ဆူနာမီ ရေလှိုင်းကျရောက်ခဲ့ကာ ယင်းနိုင်ငံတွင် လူပေါင်း ၁၈,၅၀၀ သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြရသည်။

အဆိုပါ ဆူနာမီရေလှိုင်းကြောင့် ဖူကူရှီးမား ဓါတ်အားပေးစက်ရုံရှိ အအေးပေးစနစ်များ ထိခိုက်ခဲ့ရကာ ဓါတ်ပေါင်းဖိုသုံးခု အရည်ပျော်မှုှုဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ရသည်။ ယင်းဖြစ်စဉ်မှာ ၁၉၈၆ ခုနှစ် ချာနိုဘိုင်း ဖြစ်စဉ်နောက်ပိုင်း အဆိုးရွားဆုံးသော နျူကလီးယား မတော်တဆမှုအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။

ငလျင်နှင့် ဆူနာမီတို့ကြောင့် နေအိမ်များစွာ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရပြီး ရေဒီယိုသတ္တိကြွဓါတ်ရောင်ခြည်ဖြာထွက်မှုကြောင့် အနီးအနားဒေသရှိ လူပေါင်း ၄၅၀,၀၀၀ ကိုလည်း အရေးပေါ် ပြောင်းရွှေ့ခိုင်းခဲ့ရသည်။

တိုကျိုတွင် ပြုလုပ်သော အမျိုးသားအဆင့် အောက်မေ့ဖွယ်အခမ်းအနားသို့ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် အစိုးရတာဝန်ရှိသူတို့ တက်ရောက်ကာ လွန်ခဲ့သည့် ခြောက်နှစ်အကြာက ငလျင်လှုပ်ခဲ့သည့် အချိန်နာရီဖြစ်သော ဒေသစံတော်ချိန် ၂ နာရီ ၄၆ မိနစ်တွင် ငြိမ်သက်စွာ ဦးညွှတ်ဆုတောင်းခဲ့ကြသည်။ အလားတူတစ်ချိန်တည်းတွင်မှာလဲ ယင်းဘေးဒုက္ခဆိုးများ ကျရောက်ထားသည့် ဒေသများတွင်လည်း ဒေသခံများမှာလည်း အထက်ပါအတိုင်း ပြုလုပ်ခဲ့ကြသည်။

" ဒီ ဖြစ်ရပ်ဆိုးတွေမှာ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို ဆုံးရှုံးလိုက်ရသူတွေ ဘယ်လောက်ပူဆွေးဝမ်းနည်းနေကြရမလဲ ကျွန်တော် ခံစားမိပါတယ်၊ ကျွန်တော်လည်း သူတို့နဲ့ ထပ်တူ ၀မ်းနည်းမိပါတယ်" ဟု ၀န်ကြီးချုပ် အာဘေးက ပြောကြားသွားသည်။

 ယခုအခမ်းအနားသို့ ဂျပန်ဘုရင်နှင့်မိဖုရားတို့ တက်ရောက်လာနိုင်ခြင်း မရှိသော်လည်း သားဖြစ်သူ ဂျပန်မင်းသားနှင့် ၎င်း၏ မိဖုရားဖြစ်သူ တို့ တက်ရောက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly