မြောက်ကိုရီးယားသံရုံးရှေ့ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်ရေးအတွက် အထူးဆုတောင်းပွဲ ပြုလုပ်

မြောက်ကိုရီးယားသံရုံးရှေ့ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်ရေးအတွက် အထူးဆုတောင်းပွဲ ပြုလုပ်

ကွာလာလမ်ပူ၊ မတ် ၁၀ ။           ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ရဲ့ အစ်ကိုတစ်ဝမ်းကွဲ ကင်ဂျုံးနမ်သေဆုံးခြင်းနဲ့ ပတ်သက်ပြီး ကွာလာလမ်ပူနဲ့ ပြံုယမ်းအကြား သံတမန်ရေး အခြေအတင်ဖြစ်နေတာကို ငြိမ်းငြိမ်းချမ်းချမ်း ပြန်လည်ဖြေရှင်းနိုင်ရေးအတွက် မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူရှိ မြောက်ကိုရီုးယားသံရုံးရှေ့မှာ အထူးဝတ်ပြုဆုတောင်းမှုနဲ့ လူစုရုံးမှု လုပ်ဆောင်ခဲ့ပါတယ်။

ခေါင်းဆောင်ကင်ဂျုံးအွန်နဲ့ ဆက်ဆံရေး ခပ်တန်းတန်းဖြစ်နေတဲ့ ဖအေတူမအေကွဲ အစ်ကိုဖြစ်သူ ကင်ဂျုံးနမ် မလေးရှားနိုင်ငံမှာ လုပ်ကြံခံရမှုအတွက် စုံစမ်းစစ်ဆေးမှု လုပ်နေစဉ်အတွင်းမှာ နှစ်နိုင်ငံကြား အခြေအတင်ဖြစ်ပြီး မြောက်ကိုရီးယားအစိုးရက သူ့နိုင်ငံတွင်းက မလေးရှားတွေကို ထွက်ခွာခွင့် ပိတ်ပင်ထားလိုက်တာကြောင့် ပြံုယမ်းမှာ မလေးရှားသံရုံးဝန်ထမ်း သုံးဦးအပါအဝင် မိသားစုဝင်ခြောက်ဦး စုစုပေါင်း မလေးရှားနိုင်ငံသား ကိုးဦးက သောင်တင်လျက်ရှိနေပါတယ်။

ကင်ဂျုံးနမ်သေဆုံးမှုမှာ ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုအပေါ် မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီးက ဝေဖန်လိုက်တာကြောင့် ၎င်းကို မလေးရှားက နှင်ထုတ်လိုက်ပါတယ်။ ဒီအတွက် မြောက်ကိုရီးယားနိုင်ငံက သူ့နိုင်ငံတွင်းက မလေးရှားနိုင်ငံသားတွေကို ထွက်ခွာခွင့် ပိတ်လိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က မလေးရှားအလုပ်သမားနှစ်ဦးကိုတော့ မြောက်ကိုရီးယားက ထွက်ခွာခွင့်ပေးတာကြောင့် မတ် ၉ ရက်မှာ ပေကျင်းကို ရောက်ရှိနေကြောင်း
မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်အရ သိရပါတယ်။

မလေးရှားက NGO အဖွဲ့အစည်းတစ်ရပ်က အဖွဲ့ဝင် ခုနစ်ဦးခန့်က မတ် ၁၀ ရက်နေ့မှာ ကွာလာလမ်ပူရှိ မြောက်ကိုရီးယားသံရုံးရှေ့မှာ ငြိမ်းချမ်းစွာစုရုံးခဲ့တာဖြစ်ပါတယ်။ ၎င်းတို့က နှစ်နိုင်ငံ ဆက်ဆံရေး   ပြန်လည်ကောင်းမွန်ရေးကို တိုက်တွန်းပြီး ခုလို ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်တာကို ရဲအစောင့် ဒါဇင်ကျော်က စောင့်ကြည့်လျက် ငြိမ်းငြိမ်းချမ်းချမ်း ပြီးစီးခဲ့တာဖြစ်ကြောင်း EPA သတင်းထောက်က သတင်းပေးပို့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly