ထိုင်းတွင် ပင်လယ်လိပ်ကြီးတစ်ကောင် မျိုချထားမိတဲ့ ဒင်္ဂါးပြား ၉၁၅ ပြားကို ဆရာဝန်တွေ ခွဲထုတ်ဖယ်ရှားပေး

ထိုင်းတွင် ပင်လယ်လိပ်ကြီးတစ်ကောင် မျိုချထားမိတဲ့ ဒင်္ဂါးပြား ၉၁၅ ပြားကို ဆရာဝန်တွေ ခွဲထုတ်ဖယ်ရှားပေး

မတ် ၁၀ ။                 ။ ထိုင်းနိုင်ငံမှာ 'Piggy Bank' လို့ အမည်ပေးထားတဲ့ ပင်လယ်လိပ်ကြီးတစ်ကောင်ရဲ့ ဗိုက်ထဲမှာ ရောက်နေတဲ့ ဒင်္ဂါးပြား အကြွေစေ့ ရာပေါင်းများစွာကို ယခုအခါ တိရိစ္ဆာန်ကု ဆရာဝန်တွေက ခွဲထုတ်ဖယ်ရှားပေးခဲ့ရတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ယင်းလိပ်ကြီးဟာ သူနေထိုင်ကျက်စားတဲ့ ရေအိုင်ထဲမှာ လူတွေပစ်ချလို့ ရောက်လာတဲ့ ဒင်္ဂါးပြားတွေကို မျိုမျိုချထားခဲ့တာ နှစ်ကာလချီ ကြာမြင့်ခဲ့ပြီး ယခုလို ဆရာဝန်တွေ ခွဲထုတ်ဖယ်ရှားမပေးခင်အထိ လိပ်ကြီးဟာ ပိုင်ဆိုင်ကြွယ်ဝမှုတွေ စုဆောင်းသိုမှီးထားနိုင်ခဲ့တယ်လို့တောင် ပြောလို့ရနိုင်ပါတယ်။

ထိုင်းမှာတော့ 'Omsin' လို့ခေါ်တဲ့ သက်တမ်း ၂၅ နှစ်ရှိ ယင်းလိပ်ကြီးကိုတော့ ပြီးခဲ့တဲ့ မတ်လ ၅ ရက် ခုနစ်ရီကြာ ခွဲစိတ်မှု ခံစားခဲ့ရပြီး စုစုပေါင်း ငါးကီလိုဂရမ်အလေးချိန်ရှိ ဒင်္ဂါးပြားတွေကို ဖယ်ရှားပေးခဲ့ရပါတယ်။

လိပ်ကြီးကို ဘန်ကောက်မြို့က တိရိစ္ဆာန်ကုဆရာဝန်တွေဆီ ပို့ပေးပြီး ဓါတ်မှန်ရိုက်ကြည့်ခဲ့ရာကနေ ခုလို ထင်မထားဘဲ သူ့ဗိုက်ထဲမှာ ငွေကြေးပြားတွေ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

" သူ့ဗိုက်ထဲမှာ ဒင်္ဂါးပြား ၉၁၅ ပြားတောင် တွေ့ရတယ်၊ ဒါတွေကို တစ်ပြားပြီး တစ်ပြား ဖယ်ထုတ်ပေးခဲ့ရတယ်" ဟု ချူလာလောင်ကွန်း ဆေးရုံမှ ဆရာဝန်တစ်ဦးဖြစ်သူ နန်ထရီကာ ချန်ဆုက ပြောပါတယ်။

" သူ့အခြေအနေက အခု ကောင်းသွားပါပြီ၊ ဒါပေမယ့် နှစ်ပတ်လောက်တော့ စောင့်ကြည့်ဖို့ လိုပါသေးတယ်၊ ခုလို ခွဲစိတ်မှုက ဒါပထမဆုံးပါပဲ" ဟုလည်း ၎င်းက ပြောသည်။

ဒင်္ဂါးပြားများ မျိုမျိုချထားမိသည့်အတွက် နေရထိုင်ရ ခက်နေခဲ့သည့် အဆိုပါ လိပ်ကြီးမှာ ချွန်ဘူရီ ဒေသ ပြည်သူ့ပန်းဥယျာဉ်တစ်ခုရှိ ကန်ငယ်တစ်ခုတွင် ဆယ်စုနှစ်နှစ်စုကြာ နေထိုင်ခဲ့သည်ဟု သိရသည်။

ဥယာဉ်တွင်း လာရောက်လည်ပတ်သူများက လိပ်ကြီးရှိရာ ကန်အတွင်း ကံကောင်းခြင်း အထိမ်းအမှတ် ဒင်္ဂါးပြားများ ပစ်ပစ်ချနေခြင်းကြောင့် နောက်ပိုင်းတွင် ယင်းလုပ်ရပ်ကို တားယူရသည်အထိ ဖြစ်ခဲ့ရသည်။

" ဒီလိပ်မျိုးက အနှစ် ၈၀ လောက် နေနိုင်ကြပါတယ်၊ ဒါကြောင့် လူတွေက ဒီလိပ်ကြီးရှိရာ ကန်ထဲ ဒီလို ဒင်္ဂါးပြာတွေ ပစ်ချတာက အသက်ရှည်နိုင်တယ်လို့ ယုံကြည်နေခဲ့ကြတာပါ၊ ဒါပေမယ့် ဒါတကယ်တမ်းကျတော့ မကောင်းမှုဖြစ်သွားတာပါ၊ ဒါတိရိစ္ဆာန် နှိပ်စက်ညှင်းပန်းမှုဖြစ်ပါတယ်" ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags